
ရုရှား၏ ဒီဇယ်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအား ရပ်ဆိုင်းရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကို စက်တင်ဘာ ၁၃ ရက်တွင် တိုက်တွန်း ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများသည် ကမ္ဘာကို ထိခိုက်နစ်နာစေသည့် စက်သုံးဆီ လိုအပ်ချက်ကို ဖြစ်ပေါ်စေ ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီလများအတွင်း ရုရှားရေနံချက်စက်ရုံများအပေါ် ယူကရိန်း၏ အဝေးပစ်ဒရုန်း တိုက်ခိုက်မှုများ ပြင်းထန်ခဲ့ခြင်းကြောင့် ရုရှားနိုင်ငံ၏ စက်သုံးဆီထုတ်လုပ်မှု လျော့ကျသွားခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီပြတ်လပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ယူကရိန်းကမူ ၎င်းတို့၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် ရုရှားက ဆက်တိုက် တိုက်ခိုက်နေသဖြင့် ရုရှား၏ ရေနံချက်စက်ရုံများသည် တရားဝင် စစ်ရေးပစ်မှတ်များဖြစ်ကြောင်း ပြောကြားထားသည်။
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကုန်တင်ကားများ၊ ရထားများ၊ သင်္ဘောများနှင့် စိုက်ပျိုးရေးသုံးယာဉ်များတွင် အသုံးပြုသည့် ဒီဇယ်ဆီဈေးနှုန်းသည် စက်တင်ဘာ ၁၀ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင် ၆ ဒေါ်လာကျော်အထိ မြင့်တက်သွားခဲ့ကြောင်း GasBuddy ဈေးနှုန်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အချက်အလက်များအရ သိရှိရသည်။
"မစ္စတာ ဇယ်လန်းစကီး အနေနဲ့ တစ်ခုတော့ လုပ်ရပါမယ်။ အဲဒါကတော့ ရုရှားနိုင်ငံထဲက ဒီဇယ်ဆီ ထုတ်လုပ်မှုတွေကို ဖျက်ဆီးနေတာကို ရပ်တန့်ဖို့ပဲ ဖြစ်ပါတယ်" ဟု အိုင်ယာလန်နိုင်ငံ အနောက်ဘက်ရှိ ၎င်း၏ မိသားစုပိုင် ဂေါက်ကွင်း၌ ကျင်းပလျက်ရှိသည့် Irish Open ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုစဉ် ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ဒီအကြောင်းကို မစ္စတာ ဇယ်လန်းစကီးနဲ့ စကားပြောခဲ့ပါတယ်။ တိုက်ခိုက်စရာ တခြားပစ်မှတ်တွေ အများကြီးရှိပါတယ်။ ဒီဇယ်ဆီတွေကိုတော့ သွားမတိုက်ပါနဲ့။ ဒါဟာ ကမ္ဘာကြီးကို ထိခိုက်နစ်နာစေပါတယ်" ဟု ၎င်းက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီ ပြတ်လပ်မှုသည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် မဟုတ်ဘဲ ရုရှားနှင့် ယူကရိန်းစစ်ပွဲကြောင့် ဖြစ်သည်ဟုလည်း ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားသည် ယခုနှစ်အတွက် ၎င်း၏ ရေနံထုတ်လုပ်မှု ခန့်မှန်းချက်ကို ၁၇ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ လျှော့ချခဲ့ပြီး ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်များအတွက် စက်သုံးဆီ တင်ပို့မှု မျှော်မှန်းချက်ကိုလည်း ပြင်ဆင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရသည့် ရုရှားအစိုးရ၏ ခန့်မှန်းချက်များတွင် ဖော်ပြထားသည်။
Ref: Reuters