Eleven Media Group

■လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ မျက်နှာပုံစံ ရိုက်နှိပ်ထားသည့် မူးယစ်ဆေးပြားများကို သိမ်းဆည်းရမိကြောင်း လစ်ဗျားလုံခြုံရေး တာဝန်ရှိသူများ ပြောကြား

လစ်ဗျား အာဏာရှင်ဟောင်း မူအာမာ ကဒါဖီ၏ မျက်နှာပုံစံ ရိုက်နှိပ်ထားပြီး ဥရောပမှ ခိုးသွင်းလာသော Ecstasy မူးယစ်ဆေးပြားများပါဝင်သည့် မှောင်ခိုကုန်စည်ကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထရီပိုလီမြို့ရှိ လုံခြုံရေးအေဂျင်စီတစ်ခုက ထုတ်ပြန်လိုက်သည့် ဓာတ်ပုံများတွင် ကဒါဖီ၏ ဦးခေါင်းနှင့် ပုခုံးပုံသဏ္ဌာန် ပုံသွင်းထားသော အညိုရောင် ဆေးပြားအိတ်များကို တွေ့ရှိရပြီး၊ ၎င်း၏ ထင်ရှားသော မျက်နှာသွင်ပြင်နှင့် ဝတ်ရုံပုံစံများကို ဆေးပြားမျက်နှာပြင်ပေါ်တွင် ပုံဖော်ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။

ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာအရ လစ်ဗျားနိုင်ငံသည် ဒေသတွင်း မူးယစ်ဆေးသုံးစွဲသူများအပြင် မြောက်အာဖရိကနှင့် အခြား အာဖရိက တိုက်ကြီးတစ်ခုလုံးသို့ တင်ပို့မည့် ဓာတုမူးယစ်ဆေးဝါးများနှင့် အခြားမူးယစ်ဆေးဝါးများအတွက် အဓိက လမ်းကြောင်းသစ် ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးဂိုဏ်းများသည် ၂၀၁၁ ခုနှစ်မှစပြီး နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ယွင်းနေသည့် အခြေအနေကို အခွင့်ကောင်းယူခဲ့ကြကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်တွင် ကဒါဖီသည် နေတိုးအဖွဲ့က ကျောထောက်နောက်ခံပြုပေးထားသည့် အုံကြွမှုဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး လက်နက်ကိုင်သူပုန်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

မူးယစ်‌ဆေးဝါးဂိုဏ်းတစ်ခုသည် မူးယစ်ဆေးဝါးများကို ရေလမ်းကြောင်းမှတစ်ဆင့် ပေးပို့ရန် စီစဉ်နေကြောင်း လုံခြုံရေး အေးဂျင့်များက သတင်းကြိုတင် ရရှိခဲ့ပြီး ကုန်စည်ရောက်ရှိလာသည်အထိ လိုက်လံစောင့်ကြည့်ခဲ့ ကြောင်း ထရီပိုလီအခြေစိုက် သမ္မတကောင်စီအောက်ရှိ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ က စက်တင်ဘာ ၁၂ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အရာရှိများသည် အဆိုပါ မှောင်ခိုကုန်စည် ရောက်ရှိလာပြီးနောက် ကြားဖြတ်ဟန့်တားခဲ့ပြီး ကုန်တင်ဗန် ကားတစ်စီးအတွင်း ဖုံးကွယ်သယ်ဆောင်ထားသည့် ဆေးပြားများကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း စုစုပေါင်း Ecstasy ဆေးပြား အရေအတွက် ၁၀၀၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ အများအပြားကို တရားစွဲဆိုနိုင်ရေးအတွက် တရားလွှတ်တော်ရှေ့နေများထံ လွှဲပြောင်းပေးခဲ့ သည်ဟု ဆိုသည်။

အဆိုပါ ဆေးပြားများသည် ဥရောပနိုင်ငံတစ်ခုမှတစ်ဆင့် လစ်ဗျားဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု အေဂျင်စီက ဖြည့်စွက်ပြောကြားခဲ့သော်လည်း ထွက်ခွာလာသည့် နိုင်ငံနှင့် ဆိပ်ကမ်းအမည် များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ထရီပိုလီ၏ သမ္မတကောင်စီသည် ၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂက အသိအမှတ်ပြုထားသော အမျိုးသား ညီညွတ်ရေးအစိုးရ (GNU) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း အစိုးရအဖွဲ့အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသည်။

လစ်ဗျားနိုင်ငံသည် အနောက်ဘက်ရှိ GNU အစိုးရနှင့် အရှေ့ဘက်၊ တောင်ဘက်ဒေသ အများအပြားကို ထိန်းချုပ်ထားသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခါလီဖာ ဟက်ဖ်တာ၏ အစိုးရအဖွဲ့များကြားတွင် နှစ်ခြမ်းကွဲလျက်ရှိသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group