
တူရကီနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက LGBTQ+ နှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များကို ဝင်ရောက်စီးနင်းခဲ့ပြီး လူမှုအဖွဲ့အစည်း ကိုးခု၊ စီးပွားရေးလုပ်ငန်း ၁၃ ခုနှင့် သံသယရှိသူ ၁၆၂ ဦးကို တရားစွဲဆိုမှုများ စတင်ခဲ့ကြောင်း တရားရေးဝန်ကြီး အကင်ဂူလက်က ကြေညာခဲ့သည်။
အစ္စတန်ဘူနှင့် အန်ကာရာအပါအဝင် ပြည်နယ် ၁၅ ခု တွင် တစ်ပြိုင်တည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး LGBTQ+ ဘားများ၊ နိုက်ကလပ်များ၊ ရေချိုးရုံများနှင့် LGBTQ+ လှုပ်ရှားသူများ၏ နေအိမ်များကို ပစ်မှတ်ထား စီးနင်းခဲ့သည်။ ထိုစီးနင်းမှုများအတွင်း မူးယစ်ဆေးဝါး၊ ဒီဂျစ်တယ်ပစ္စည်းများ၊ မှောင်ခိုအရက်များနှင့် သေနတ် တစ်လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုနေရာများတွင် ပြည့်တန်ဆာလုပ်ငန်းများ ရှိနေသည်ဟု သံသယရှိ ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
အစ္စတန်ဘူ အစိုးရရှေ့နေရုံးကလည်း ကလေးများနှင့် အသက်မပြည့်သေးသူများကို ကျား၊မ အဖြစ်သတ်မှတ် ခံယူမှုဆိုင်ရာ ကိစ္စရပ်များတွင် မသင့်လျော်သည့် နည်းလမ်းများဖြင့် လွှမ်းမိုးစေခဲ့ကြောင်း ပြသသည့် အထောက်အထားများကို တွေ့ထားသည်ဟု ပြောကြားခဲ့သည်။
တရားရုံးအမိန့်ဖြင့် LGBTQ+ အဖွဲ့အစည်း ၇၃ ခုနှင့် လှုပ်ရှားသူများ၏ ဝက်ဘ်ဆိုက်များ၊ လူမှုမီဒီယာအကောင့် များကိုလည်း ပိတ်ပင်လိုက်သည်။ X (Twitter) ပေါ်ရှိ အဖွဲ့အစည်းတစ်ဒါဇင်ကျော်၏ အကောင့်များလည်း အာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ပိတ်ဆို့ခံလိုက်ရသည်။
လူ့အခွင့်အရေးအဖွဲ့များကမူ တူရကီအစိုးရသည် LGBTQ+ အသိုင်းအဝိုင်းကို မတရားပစ်မှတ်ထားနေသည်ဟု ဝေဖန်နေကြသည်။ အစိုးရ၏ ရည်ရွယ်ချက်က LGBTQ+ လှုပ်ရှားမှုများကို ပုံမှန်အဖြစ် လူ့အဖွဲ့အစည်းက မမြင်စေရန်နှင့် ကလေးများ၊ မိသားစုအဖွဲ့အစည်းနှင့် ကိုယ်စီကိုယ်ငှာ ကျင့်ဝတ်တန်ဖိုးများကို ကာကွယ်ရန်ဟု ပြောသည်။
တူရကီတွင် လိင်တူစုံမက်မှုကို ဥပဒေအရ တားမြစ်ထားခြင်း မရှိသော်လည်း လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုနှင့် ရန်လိုမှုများ ကျယ်ပြန့်စွာ ရှိနေဆဲဖြစ်ပြီး သမ္မတအာဒိုဂန်က LGBTQ+ အသိုင်းအဝိုင်းကို ပျက်စီးယိုယွင်းသူများဟု ခေါ်ဝေါ်ကာ နိုင်ငံ၏ကလေးမွေးနှုန်း ကျဆင်းလာမှုအတွက် အပြစ်တင်ခဲ့သည်။
Ref: AFP, dpa, Reuters