
ထိုင်းနိုင်ငံ ယာဆိုထုန်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် စက်တင်ဘာ ၁၁ ရက်က တစ်နှစ်သားကလေးလူနာကို IV ဆေးသွင်းထားသည့်နေရာအား ကတ်ကြေးဖြင့်ဖြတ်၍ ဖြုတ်ပေးစဉ်် လက်ညှိုးထိပ် ပြတ်ထွက်သွားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။
လမ်နော့ထာခရိုင်ရှိ Loengnoktha Crown Prince ဆေးရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေးသည် စက်တင်ဘာ ၂ ရက်တွင် ဆေးရုံတက်ရောက်ကုသခဲ့ပြီး အခြေအနေကောင်းမွန်လာသဖြင့် စက်တင်ဘာ ၁၁ ရက်နံနက်တွင် ဆေးရုံဆင်းရန် ပြင်ဆင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖခင်က ပစ္စည်းများကို ကားပေါ်သွားတင်နေချိန် မိခင်က ကလေးနှင့်အတူ အိပ်ရာဘေးတွင် ကျန်နေခဲ့သည်။
ထိုအချိန် အမျိုးသားသူနာပြုအကူက IV ဆေးသွင်းထားသည့်နေရာကို ကတ်ကြေးဖြင့် ဖြတ်၍ဖြုတ်ပေးစဉ် ကလေး၏ ညာဘက်လက်ညှိုးအနီးသို့ ကတ်ကြေးထည့်ဖြတ်လိုက်ရာ မတော်တဆဖြင့် လက်ချောင်းထိပ်ပါ ပါသွားခဲ့သည်။ ဖခင်ပြန်ရောက်လာသည့်အခါ ကလေးက သွေးများထွက်နေပြီး ဆေးရုံဝန်ထမ်းများက သွေးတိတ်အောင် အရင်ကုသပေးကာ အူဘွန်ရာချဌာနီရှိ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့သည်။
စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီခန့်တွင် ကလေးကို ခွဲစိတ်မှုပြီးစီးခဲ့သည်။ ဆရာဝန်များက ပြတ်ထွက်သွားသည့် လက်ချောင်းထိပ်ကို ပြန်ဆက်ပေးနိုင်ခဲ့သော်လည်း အာရုံကြော၊ ကြွက်သား၊ သွေးကြောနှင့်တစ်ရှူးများ ပြန်လည်ချိတ်ဆက်မှု ရှိ၊ မရှိ ၊ လက်ချောင်းပုံမှန် ပြန်လည်အသုံးပြုနိုင် မပြုနိုင်ကို တစ်ပတ်ခန့် စောင့်ကြည့်ပြီးမှ သိနိုင်မည်ဟု ဆရာဝန်များက ပြောသည်။
ပထမဆေးရုံဘက်က လူနာ၏ ဆေးကုသစရိတ်နှင့် ပြန်လည်ထူထောင်ရေး ကုန်ကျစရိတ်များအတွက် အပြည့်အဝ လျော်ကြေးပေးသွားမည်ဖြစ်ပြီး သူနာပြုအကူကိုလည်း တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။