Eleven Media Group

ဘာသာရေးမြို့ နာဂျက်ဖ်၌ ဝက်သားကို အမဲသားဟုပြော၍ ရောင်းသော အသားသည်ကို အီရတ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မွတ်စလင်ဘာသာရေးမြို့ နာဂျက်ဖ်၌ အသားရောင်းသူက အမဲသားဟုဆိုကာ ဝက်သားရောင်းခဲ့သည့်အတွက် စက်တင်ဘာ ၁၃ ရက်တွက် ၎င်းကို အီရတ်တရားရုံးတစ်ရုံးက ထောင် ၁၀ နှစ်ချမှတ်ခဲ့သည်။

အမျိုးသားတစ်ဦးကို ကမ္ဘာ့အထွတ်အမြတ် အထားရဆုံး‌ ရှီးယားမွတ်စလင်ဂူဗိမာန်များထဲက ဗိမာန်တစ်ခုရှိရာ နာဂျက်ဖ်၌ အမဲသားအဖြစ်ရောင်းချနေသော ဝက်သား ၇၅ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးခဲ့သည်ဟု အီရတ်၏ အမြင့်ဆုံးသောတရားရေးကောင်စီက ပြောကြားခဲ့သည်။

“နာဂျက်ဖ်ပြစ်မှုဆိုင်ရာ တရားရုံးက ပြစ်ဒဏ်ကျခံရသူကို ထောင် ၁၀ နှစ်ချခဲ့ပါတယ်။ သူဟာ လူတို့ စားသုံးလို့ မသင့်တော်တဲ့အသားကို ရောင်းချလို့ဖြစ်ပါတယ်” ဟု ကောင်စီက ပြောကြားသည်။

အစ္စလာမ်ဘာသာက ဝက်သားသည် မစင်ကြယ်ဟု ယုံကြည်သောကြောင့် တားမြစ်ထားသည်ဆိုသော်လည်း အီရတ်ဥပဒေသည် ခရစ်ယာန်လူနည်းစုရှိသည့် မွတ်စလင်အများစုရှိရာနိုင်ငံတွင် ဝက်သားရောင်းချခြင်းကို တိကျစွာ တားမြစ်ထားခြင်းမရှိပေ။

တရားရုံး၏ဆုံးဖြတ်ချက်သည် လူတို့ စားသုံးရန်မသင့်တော်သော ခွေးသား၊ မြည်းသား၊ အခြားအသားများ ရောင်းချခြင်းကို ပြစ်မှုမြောက်ကြောင်းဖော်ပြထားသည့် ၁၉၉၈ ဥပ‌ဒေကို အ‌ခြေခံသည်။

ကမ္ဘာတစ်ဝန်းက ဘုရားဖူး သန်းပေါင်းများစွာက မိုဟာမက်၏သားမက် စတုတ္ထမြောက်အစ္စလာမ်မစ်အကြီးအကဲဖြစ်သည့် ပထမဆုံး ရှီးယားခေါင်းဆောင် Imam Ali၏ဂူဗိမာန်ရှိရာ နာဂျက်ဖ်မြို့ကို နှစ်စဉ် လာကြသည်။

မူရင်းသတင်း — Eleven Media Group