Eleven Media Group

မကြုံစဖူးအန္တရာယ်များ ဖြစ်‌ပေါ်‌စေနိုင်သော AI နည်းပညာကို အရေးတကြီး ထိန်းချုပ်ရန် ကုလသမဂ္ဂ တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက မကြုံစဖူး အန္တရာယ်များကို ဖြစ်ပေါ်စေမည်ဟု သတိပေးလိုက်သည့် AI နည်းပညာကို အရေးတကြီး ထိန်းချုပ်ရန် နိုင်ငံများ၊ နယ်ပယ်သစ် AI ကုမ္ပဏီများကို စက်တင်ဘာ ၁၃ ရက်တွင် တောင်းဆိုလိုက်သည်။

နိုင်ငံများ၊ AI ဖန်တီးသူများထံ ပေးပို့ခဲ့သော ပေးစာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗောလ်ဂါတက်က နောက်ကြောင်းပြန်မလှည့်နိုင်သော‌ အပြောင်းအလဲ၏ စပ်ကူးမပ်ကူးအချိန်ကို ရောက်နေပြီဖြစ်ရာ ထိုအပြောင်းအလဲက မိမိတို့ကိုသာမက နောင်လာမည့်လူသားမျိုးဆက်များကိုပါ သက်ရောက်လိမ့်မည်ဟု သတိပေးခဲ့သည်။

"ပိုမိုစွမ်းအားကြီးတဲ့ AI ဆီသွားနေတဲ့ မျက်မှောက်ပြိုင်ပွဲဟာ ကျွန်တော်တို့ဘဝတွေရဲ့ ရှုထောင့်တိုင်းအတွက် ပိုမိုကြီးမားတဲ့ လူ့ဘဝဖြစ်တည်ရေးအန္တရာယ်တွေထံ သွားနေတဲ့ ရုတ်တရက်အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်"ဟု သူက ဖော်ပြခဲ့သည်။

သုတေသနပညာရှင်တစ်ဦးက AI နည်းပညာသည် လူသားထိန်းချုပ်မှုကို လွန်မြောက်သွားနိုင်သည်ဟူသည့် စိုးရိမ်မှုများကြောင့် Anthropic AI ကုမ္ပဏီမှ လူသိရှင်ကြားနုတ်ထွက်ခဲ့ပြီးနောက် "မဟာဉာဏ်ကြီးရှင်' ကွန်ပျူတာစနစ်များ၏ အန္တရာယ်များနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများ ထင်သာမြင်သာဖြစ်လာချိန်တွင် ဗောလ်ဂါတက်က အထက်ပါပေးစာကိုပေးပို့ခဲ့ခြင်းဖြစ်သည်။

အလုပ်မထွက်သော အခြား Anthropic ကုမ္ပဏီဝန်ထမ်းက လူသိရှင်ကြားပြောကြားခဲ့ရာ၌ " AI ကလူသားအားလုံးကို သတ်ပစ်နိုင်တယ်လို့ကျွန်တော်တို့က လေးလေးနက်နက်ယုံကြည်ထားပါတယ်"ဟု ဆိုခဲ့ပြီး လာမည့် ဆယ်စုနှစ်အတွင်းတွင် ထိုအတိုင်းဖြစ်လာရန်အခွင့်အလမ်းသည် ၁၀ ရာခိုင်‌နှုန်းအထက်ရှိနေသည် ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

ကန့်ကွက်သံများ ထွက်ပေါ်နေချိန် Anthropic အမှုဆောင်ချုပ် ဒါရီယိုအမိုဒေးက နယ်ပယ်သစ်ကို ချင့်ချိန်လုပ်ဆောင်ကြရန် သို့မဟုတ် နည်းပညာဖွံ့ဖြိုးမှု အရှိ‌န် နှေးသွားစေရေး ညှိုနှိုင်း‌ဆောင်ရွက်ကြရန် ၎င်းကို လူသိရှင်ကြား ထောက်ခံထားကြသည့် ပြိုင်ဘက်ကြီးများဖြစ်သော အီလွန်မက်စ် (xAI)နှင့် ဆမ်အော့မန်း(OpenAI)တို့နှင့်အတူ စက်တင်ဘာ ၁၂ ရက်တွင် တောင်းဆိုခဲ့သည်။

"ယနေ့ကမ္ဘာမှာ ကျွန်တော်တို့ဟာလူသားအားလုံးအတွက် AI ဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ဖို့အင်အားကြီးမားတဲ့ကုမ္ပဏီနည်းနည်းလေးကို လုံးဝ နီးပါး မှီခိုနေကြရတာပါ"ဟုဗောလ်ဂါတက်က ညည်းတွားခဲ့သည်။

မူရင်းသတင်း — Eleven Media Group