Eleven Media Group

CIA အကြီးအကဲဟောင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတို့ လိုက်ပါလာသည့်ရထားကို ရုရှားက ပစ်မှတ်ထားခဲ့ဖွယ်ရှိဟု ယူကရိန်းဘက်ကဆို

ယူကရိန်းနှင့်ပိုလန် နယ်စပ်အနီးတွင် ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန် CIA အကြီးအကဲဟောင်း ဒေးဗစ်ပက်ထရီးယပ်စ်တို့ လိုက်ပါလာသည့် ရထားကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်နိုင်​ကြောင်း ယူကရိန်းဘက်က ပြောကြားလိုက်သည်။

ရုရှားဒရုန်းက ရထားတစ်စင်းကို ထိမှန်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပနိုင်ငံများမှ ထိပ်တန်းလုံခြုံရေးအရာရှိများ ဖြတ်သန်းသွားပြီးနောက် မကြာမီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒရုန်းတိုက်ခိုက်မှုကြောင့် ရထားစက်ခေါင်း ထိမှန်ခဲ့သော်လည်း ရထားပေါ်ရှိ ခရီးသည်အားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ဖြစ်သည့်အတွက် လူသေဆုံးမှု မရှိခဲ့ဟု ယူကရိန်းအာဏာပိုင်များက ပြောသည်။

ဘောရစ်ဂျွန်ဆင်နှင့် ဥရောပလုံခြုံရေးအကြံပေးများသည် ကိယက်ဗ်မြို့၌ အစည်းအဝေးတစ်ခု တက်ရောက်ပြီးနောက် ပြန်လည်ထွက်ခွာလာစဉ် တိုက်ခိုက်ခံရသည့် ရထားလမ်းအတိုင်း နောက်ရထားတစ်စင်းဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းအနောက်ပိုင်းရှိ မီးရထားအခြေခံအဆောက်အအုံကို ပစ်မှတ်ထားခဲ့ခြင်းဟု ထုတ်ပြန်ခဲ့သော်လည်း ယူကရိန်းအစိုးရပိုင် မီးရထားကုမ္ပဏီ Ukrzaliznytsia က ရုရှား၏ပစ်မှတ်သည် သံတမန်များ လိုက်ပါလာသည့်ရထား ဖြစ်နိုင်​ကြောင်း၊ သံတမန်ရထားသည် အချိန်ဇယားပြောင်းလဲခဲ့ပြီး နဂိုအချိန်ထက် ဘူတာမှ စောထွက်ခဲ့​ကြောင်း ထုတ်ပြန်ခဲ့သည်။ ဒရုန်းထိမှန်ခဲ့သည့် ရထားပေါ်မှ ခရီးသည်များကိုလည်း တိုက်ခိုက်မခံရမီ ၁၅ မိနစ်ခန့်အလိုတွင် ရွှေ့ပြောင်းခိုင်းခဲ့သည်ဟု သိရသည်။

ဘောရစ်ဂျွန်ဆင်က ရုရှား၏လုပ်ရပ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ယူကရိန်းပြည်သူများသည် ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သည့် တိုက်ခိုက်မှုများကို နေ့စဉ်ခံနေရကြောင်း ပြောကြားကာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဥရောပနိုင်ငံများအထိ ရုရှား၏တိုက်ခိုက်မှုများ ပျံ့မလာစေရန် ယူကရိန်းတပ်ဖွဲ့များနှင့် ပြည်သူများက နေ့စဉ်တိုက်ပွဲဝင်နေကြောင်း ​ပြောကြားခဲ့သည်။

ပိုလန်ပြည်ထဲရေးဝန်ကြီး ကီယာဝင်စကီးကလည်း ရုရှားသည် လွတ်လပ်သည့် ကမ္ဘာကြီး၏ရန်သူဟု ပြောဆိုခဲ့သည်။ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ်ခ်က လက်ရှိအ​ခြေအနေများနှင့် စပ်လျဉ်းပြီး အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ကာ ရုရှား၏တိုက်ခိုက်မှုများက ပိုလန်နယ်စပ်နှင့် နီးသထက်နီးလာပြီဟု သတိ​ပေးခဲ့သည်။

မူရင်းသတင်း — Eleven Media Group