
အီရန်စစ်ပွဲကြောင့် အမေရိကန်သည် လက်နက်ခဲယမ်း ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်စစ်တပ်၏ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ကွန်ဂရက်လွှတ်တော်သို့ တင်ပြရသည့် ပထမဆုံး အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်မှ ဇွန် ၃၀ ရက်အတွင်း ပြုလုပ်ခဲ့သည့် Operation Epic Fury (OEF) စစ်ဆင်ရေးအတွက် ကုန်ကျစရိတ် ဒေါ်လာ ၃၃ ဒသမ ၄ ဘီလျံ ခန့်မှန်းခြေရှိခဲ့ပြီး ယင်းအနက် ဒေါ်လာ ၂၂ ဒသမ ၃ ဘီလီယံကို ခဲယမ်းများအတွက် သုံးစွဲခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။OEF စစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်း သုံးစွဲမှုများသည် မဟာဗျူဟာမြောက် လက်နက်သိုလှောင်မှု ပြတ်လပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ခဲယမ်းမီးကျောက် ပြန်လည်ဖြည့်တင်းရန် စက်မှုဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများကို ပေါ်လွင်စေခဲ့သည်ဟု အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။
ထို့ပြင် အမေရိကန် လေတပ်၏ ဆုံးရှုံးမှုများကိုလည်း ထည့်သွင်းဖော်ပြထားပြီး F-15 တိုက်လေယာဉ် ၄ စင်း ပျက်စီးခဲ့ခြင်း၊ F-35 တိုက်လေယာဉ် ၁ စင်း ထိခိုက်ပျက်စီးခဲ့ခြင်း၊ KC-135 ဆီဖြည့်လေယာဉ် ၇ စင်း ထိခိုက်ပျက်စီးခဲ့ခြင်းနှင့် MQ-9 Reaper ဒရုန်း အစင်း ၃၀ ထိခိုက်ပျက်စီးခဲ့ခြင်းတို့ ပါဝင်သည်။အရှေ့အလယ်ပိုင်း စစ်ပွဲ ၆ လတာ ကာလအတွင်း လက်နက်သိုလှောင်မှု လျော့နည်းမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို သမ္မတ ဒေါ်နယ်ထရန့်က ထပ်မံပယ်ချခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်ကပင် အမေရိကန်၌ အတိုင်းအဆမရှိ လုံလောက်သော ခဲယမ်းမီးကျောက်များ ရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် မိမိတို့၏ သမိုင်းကြောင်းတွင် မကြုံစဖူး အကောင်းမွန်ဆုံးနှင့် အဆင့်မြင့်ဆုံး လက်နက်များကို ထုတ်လုပ်လျက်ရှိသည်ဟု အမေရိကန်သမ္မတ ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၁၄ ရက်က ထပ်မံရေးသား ဖော်ပြခဲ့သည်။အမေရိကန်စစ်တပ်အနေဖြင့် ၎င်းတို့၏ THAAD လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းနီးပါး ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့ရခြင်းနှင့်အတူ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များနှင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပြတ်လပ်မှုသည် အီရန်နှင့် ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ထရန့်၏ မဟာဗျူဟာအပေါ် ရိုက်ခတ်မှုများ ရှိနေကြောင်း CNN သတင်းဌာနက ယခင်က ဖော်ပြခဲ့ဖူးသည်။
အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် ပထမဆုံး ၂၄ နာရီအတွင်း အမေရိကန်သည် ပစ်မှတ် ၁၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ပြောကြားခဲ့သော်လည်း လွန်ခဲ့သည့် လများအတွင်း အဆိုပါ ပမာဏအတိုင်း အကြီးစား တိုက်ခိုက်မှုမျိုး ထပ်မံပြုလုပ်နိုင်ခြင်း မရှိသေးပေ။
ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ UAE၊ ဆော်ဒီအာရေ၊ အီရတ်၊ အိုမန်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန် စစ်စခန်းများနှင့် အဆောက်အအုံ ရာပေါင်းများစွာသည် အီရန်၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် အဆိုပါ စစ်စခန်းများ အားလုံးကို ပြန်လည်တည်ဆောက်မည် ဟုတ်၊မဟုတ် နှင့် မည်သူက ကုန်ကျစရိတ် ကျခံမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသည့်အတွက် ယင်းကုန်ကျစရိတ်များကို ခန့်မှန်းချက်များတွင် ထည့်သွင်းထားခြင်း မရှိသေးပေ။
Ref: AFP