
တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းတွင် လုံခြုံရေးအခြေအနေများကြောင့် ဒရုန်းများ ပိုင်ဆိုင်ခြင်းနှင့် သိမ်းဆည်းထားခြင်းကို လာမည့် နိုဝင်ဘာလမှစ၍ ပိတ်ပင်သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြေညာထားသည်။ ယင်းသည် ဒရုန်းများ ရောင်းချခြင်းကို တားမြစ်ထားပြီးဖြစ်သည့် စည်းမျဉ်းများကို ထပ်မံတင်းကျပ်လိုက်ခြင်းဖြစ်သည်။ စည်းမျဉ်းသစ်က နိုဝင်ဘာ ၁၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
စည်းမျဉ်းသစ်အရ မြို့တော်အတွင်း ဒရုန်းများ ပိုင်ဆိုင်ခြင်း၊ သိမ်းဆည်းထားခြင်းတို့အပြင် မြို့တော်လေပိုင်နက်အတွင်း ဒရုန်းပျံသန်းခြင်းနှင့် ဒရုန်းများနှင့် အစိတ်အပိုင်းများကို မြို့အတွင်းသို့ သယ်ဆောင်လာခြင်းတို့ကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်။
အဆိုပါ စည်းမျဉ်းများကို ပေကျင်းမြို့တော်၏ လုံခြုံရေးကို ကာကွယ်ရန် လိုအပ်သဖြင့် ချမှတ်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ လူဦးရေ ၂၂ သန်းခန့်ရှိသော ပေကျင်းမြို့တွင် ဇွန်လအတွင်း အသေးစားလေယာဉ်ငယ်တစ်စင်းက မြို့၏ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့် CITIC Tower ကို ဝင်တိုက်ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးပြီး လူ ၁၃ ဦး ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်ရပ်အပြီး လေပိုင်နက်လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ဒရုန်းပိုင်ရှင်များအနေဖြင့် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ မိမိတို့၏ ဒရုန်းများကို ဖျက်သိမ်းစွန့်ပစ်ရမည် သို့မဟုတ် မြို့ပြင်သို့ ရွှေ့ပြောင်းရမည်ဖြစ်သည်။ အာဏာပိုင်များက ဒရုန်းများကို ဖျက်သိမ်းအပ်နှံသူများအား ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး မှတ်ပုံတင်ထားသည့် ဒရုန်းပိုင်ရှင်များထံမှ ဒရုန်းများကို ပြန်ဝယ်ယူပေးမည့် အစီအစဉ်လည်း ရှိသည်။ ဒရုန်းများကို မြို့ပြင်သို့ ပို့ဆောင်နိုင်ရန် အခမဲ့ပို့ဆောင်ရေးဝန်ဆောင်မှုကိုလည်း စီစဉ်ပေးထားသည်။
သတ်မှတ်နောက်ဆုံးရက်အတွင်း မလိုက်နာသူများ၏ ဒရုန်းများကို သိမ်းဆည်းနိုင်ပြီး ဒဏ်ငွေချမှတ်နိုင်သည်။
သို့သော် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စိုက်ပျိုးရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ သိပ္ပံသုတေသနနှင့် အခြားအထူးရည်ရွယ်ချက်များအတွက် အသုံးပြုမည့် ဒရုန်းများကိုမူ သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။
Source: AFP