Eleven Media Group

■ဂျပန်၌ အသက် ၁၀၀ ပြည့်သူဦးရေ ၁၀၀၀၀၀ ကျော်ရှိသည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဂျပန်နိုင်ငံတစ်ဝန်းတွင် အသက် ၁၀၀ ကျော်ရှိသူ အရေအတွက်သည် ပထမဆုံးအကြိမ် ၁၀၀၀၀၀ ကျော်သွားပြီဟု ကျန်းမာရေးဝန် ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ပျမ်းမျှအသက် ၄၉ ဒသမ ၉ နှစ်ရှိနေခြင်းနှင့်အတူ ဂျပန်သည် မိုနာကိုပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယအသက်အကြီးဆုံး လူဦးရေရှိနေသည်ဟု သိရသည်။

လာမည့်အပတ် နှစ်စဉ် ပြည်သူ့အားလပ်ရက်ဖြစ်သည့် Respect for the Aged မတိုင်မီ နောက်ဆုံးပြုလုပ်သော အစိုးရလေ့လာချက်တွင် စက်တင်ဘာ ၁ ရက်အထိ အသက် ၁၀၀ ပြည့်သူ သို့မဟုတ် အသက် ၁၀၀ ထက်ကြီးသူ အရေအတွက်သည် ၁၀၇၆၇၇ ဦးရှိသည်ဟု ဖော်ပြထားသည်။

ယင်းသည် ၁၉၆၃ ခုနှစ်တွင် မှတ်တမ်းများ စတင်ခဲ့ပြီးနောက်ပိုင်း အသက် ၁၀၀ ပြည့်သူအရေအတွက် ၁၀၀၀၀၀ ကျော်ရှိလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဤအသက်အရွယ်အုပ်စု၏ ဦးရေသည် ၅၆ နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်ခြင်းဖြစ်သည်။

ဇွန်လ ဒေတာများတွင် လွန်ခဲ့သောနှစ်က ဂျပန်၏မွေးဖွားနှုန်းသည် စံချိန်သစ်အဖြစ် ထပ်မံကျဆင်းခဲ့ရာ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံကို သောကရောက်စေသည့် လူဦးရေအကျပ်အတည်းအား မီးမောင်းထိုး ပြနေသည်ဟု ဆိုသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group