
ဥရောပအာကာသအေဂျင်စီက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်လျက်ရှိသော ပြင်းထန်မိုးလေဝသအဖြစ် အပျက်များကို ကောင်းကောင်းသတိပြုမိစေရန် ပုံစံထုတ်ထားသော ဂြိုဟ်တုနှစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်လိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီ ၂၀ မိနစ်တွင် ဖရန့်ဂီယာနာရှိ Kourou အာကာသစင်တာမှ ပျံတက်သွားပြီးနောက် European Vega-C ဒုံးပျံက Sentinel-3C ဂြိုဟ်တုနှင့် Flex ဂြိုဟ်တုတို့ကို အောင်မြင်စွာလွှတ်တင်လိုက်သည်ဟု ဂြိုဟ်တုလွှတ်တင်ရာနေရာကို ရောက်နေသည့် AFP သတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။
ဂြိုဟ်တုနှစ်စင်းသည် ပျံတက်သွားပြီး နှစ်နာရီနီးပါးအကြာတွင် နေနှင့်အချိန် ကိုက်ဖြစ်နေသောပတ်လမ်းထဲရောက်သွားသည်။
ပထမဂြိုဟ်တု Flex(Fluorescence Explorer)သည် အပင်တို့၏အင်္ဂါအစိတ် အပိုင်းများအပေါ်အပူလှိုင်းများ၏ သက်ရောက်မူနှင့် သက်ဆိုင်သောအချက်အလက်များကို ပံ့ပိုးပေးမည်ဖြစ်သည်။
အပင်တို့က အလင်းဖြင့် အစာချက်သည့် လုပ်ငန်းကို လုပ်ဆောင်သည့်အခါ ထိုအပင်တို့က ထုတ်လွှတ်သောအနီရောင်အလင်းဖြစ်သည့် မီးချောင်လိုအလင်းကို စောင့်ကြည့်မည်ဖြစ်ရာ "အပင်များ ခံစားရသည့် ဖိစီးမှု (Plant Stress) နှင့် အလင်းထုတ်လွှတ်မှု "ဆက်စပ်ပုံကို ဖော်ထုတ်ရန်နှင့် ယင်းပမာဏကိုတိုင်းတာတွက်ချက်ရန် ရည်ရွယ်သည်ဟု Flex အစီအစဉ်၏အကြီးအကဲ သီယာရီဟူဘန်က ဧပြီလတုန်းက ပြောကြားခဲ့သည်။
အီးယူ၏ ကိုပါနိကပ်စ်ကမ္ဘာမြေလေ့လာရေးအစီအစဉ်မှ ဒုတိယဂြိုဟ်တု Sentinel-3C သည် အဏ္ဏဝါ ပတ်ဝန်းကျင်ကို တိုင်းတာမည်ဖြစ်ရာ အပူချိန်၊ လှိုင်းအမြင့်၊ သမုဒ္ဒရာရေစီးကြောင်းများကို တိုင်းတာမည့်အပြင် စားနပ်ရိက္ခာအကျပ်အတည်းကို တားဆီးရေးအတွက် သီးနှံအထွက်တိုးမှုနှင့် အကောင်းဆုံးဖြစ်စေရန်ရည်ရွယ်၍ မြေယာအသုံးပြုမှုနှင့် မြေပြင်ဖုံးလွှမ်းမှုတို့ကိုလည်း တိုင်းတာမည်ဖြစ်သည်။