
စကော့တလန်၊ ဝေးလ်စ်နှင့် မြောက်အိုင်ယာလန်တို့၏ အဓိက ပါတီခေါင်းဆောင်များက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိကြောင်း ပူးတွဲသဘောတူညီချက်ကို စက်တင်ဘာ ၁၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြခဲ့သည်။
ဝေးလ်နိုင်ငံ၏ မြို့တော် ကာဒစ်ဖ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခု၌ စကော့တလန် အမျိုးသားပါတီ (SNP)၊ ဝေးလ်စ်၏ Plaid Cymru ပါတီ နှင့် မြောက်အိုင်ယာလန်၏ အိုင်ယာလန် ပြန်လည်ပေါင်းစည်းရေးကို လိုလားသော Sinn Fein ပါတီတို့မှ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
SNP ပါတီမှ ဂျွန် ဆွင်နီ၊ Sinn Fein ပါတီမှ မစ်ရှဲလ် အိုနီးလ်နှင့် Plaid Cymru ပါတီမှ ရွန် အပ် အိုင်အိုဝါ့သ် တို့သည် ၎င်းတို့၏ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများအနေဖြင့် မဟုတ်ဘဲ ပါတီခေါင်းဆောင်များ အနေဖြင့် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ပါတီခေါင်းဆောင်များသည် ဗြိတိန်ထံမှ ပိုမိုကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နောက်ဆုံးတွင် လွတ်လပ်ရေးရရှိရန် လိုလားကြသော်လည်း၊ ပြည်သူ့ဆန္ဒခံယူပွဲများနှင့် အချိန်ကာလ သတ်မှတ်ချက်များကဲ့သို့သော ကိစ္စရပ်များတွင် သဘောထား အယူအဆ မတူညီကြပေ။
၄င်းတို့ကြေညာခဲ့သည့် သဘောတူညီချက်၏ အသုံးအနှုန်းကို ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတရား အသုံးအနှုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားခြင်းဖြစ်ကြောင်း ကာဒစ်ဖ် တက္ကသိုလ်မှ လော်ရာ မက်အဲလစ်စတာက အယ်လ်ဂျာဇီးယား သို့ ပြောကြားခဲ့သည်။
"ဒါဟာ ဗြိတိန်အတွင်းမှာရှိတဲ့ နိုင်ငံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မေးခွန်းတွေကို ဦးဆောင်တွန်းအားပေးဖို့ ပထမဆုံးအကြိမ် ကြိုးပမ်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဥရောပနဲ့ ဆက်ဆံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စတဲ့ သဘောထားချင်း မျှဝေလိုနိုင်တဲ့ ပိုမိုလက်တွေ့ကျတဲ့ မူဝါဒ နယ်ပယ်အချို့ကိုလည်း လွှမ်းခြုံဆွေးနွေးခဲ့ကြပါတယ်" ဟု မက်အဲလစ်စတာက ပြောကြားခဲ့သည်။