Eleven Media Group

■ အမေရိကန်က အာကာသလက်နက်များ ဖြန့်ကျက်ထားမှု ပထမဆုံးအကြိမ် အတည်ပြု

အမေရိကန်ပြည်ထောင်စုက ကမ္ဘာပတ်လမ်းကြောင်းအတွင်း အာကာသလက်နက်တစ်မျိုး ဖြန့်ကျက်ထားသည်ဟု အတည်ပြုလိုက်ပြီး အာကာသအတွင်း ထိုးစစ်ဆင်နိုင်စွမ်းရှိကြောင်း ပထမဆုံးအကြိမ် ဝန်ခံလိုက်ခြင်းဖြစ်သည်။

အဆိုပါ ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ လက်နက်သည် ရန်လိုတိုက်ခိုက်မှုများမှ အမေရိကန်တပ်ဖွဲ့များကို ကာကွယ်ရန် လိုအပ်ကြောင်းနှင့် အမေရိကန်အနေဖြင့် အချိန်နှင့်အမျှ ပြောင်းလဲလာသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း အမေရိကန်လေတပ်အကြီးအကဲ ထရွိုင်းမင့်ခ်က စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် လေကြောင်း၊ အာကာသနှင့် ဆိုက်ဘာအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အနာဂတ်ပဋိပက္ခများတွင် အမေရိကန်ဂြိုဟ်တုများကို တိုက်ခိုက်နိုင်ရန် ရုရှားနှင့်တရုတ်တို့က နည်းလမ်းများ ရှာဖွေနေကြသည်ဟုဆိုကာ အာကာသအတွင်း စစ်ရေးစွမ်းရည်များကို မြှင့်တင်ရန် အစီအစဉ်ရှိသည်ဟု အမေရိကန်အဆင့်မြင့် စစ်ဘက်ခေါင်းဆောင်များက ယခင်ကတည်းက ပြောထားသည်။

ထရန့်အစိုးရ၏အဆိုအရ အမေရိကန်ပြည်ထောင်စုကို လေကြောင်းခြိမ်းခြောက်မှုများမှ ကာကွယ်ပေးနိုင်မည့် “Golden Dome” ကာကွယ်ရေးစနစ်တွင် အာကာသအခြေပြု စွမ်းရည်များသည်လည်း အရေးပါသည့် အစိတ်အပိုင်းများအဖြစ် ပါဝင်နေသည်။

၁၉၆၇ ခုနှစ် စာချုပ်အရ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များ ဖြန့်ကျက်ထားခြင်းကို တားမြစ်ထားသည်။ ထိုအချိန်မှစ၍ အမေရိကန်၊ ရုရှားနှင့် တရုတ်အပါအဝင် အင်အားကြီးနိုင်ငံများသည် ယင်းစာချုပ်တွင် တိတိကျကျ မတားမြစ်ထားသည့် အခြားစွမ်းရည်များကို စူးစမ်းဖော်ဆောင်လာကြသည်။ ယင်းတို့တွင် ပြိုင်ဘက်နိုင်ငံများ၏ စစ်ဘက်ဆက်သွယ်ရေး၊ ထောက်လှမ်းရေးနှင့် လမ်းညွှန်ရေးတို့အတွက် အရေးပါသည့် ဂြိုဟ်တုများကို ပစ်မှတ်ထားခြင်းများ ပါဝင်လာသည်။

ပြီးခဲ့သည့်နှစ်တွင် ဒေါ်နယ်ထရန့်က အမေရိကန်အာကာသတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အာကာသပိုင်ဆိုင်မှုများကို ကာကွယ်ရုံသာမက တိုက်ခိုက်ရေးတပ်ဖွဲ့ပါ ဖြစ်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၂၀၁၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် အမေရိကန်အာကာသတပ်ဖွဲ့သည် နှစ်ပေါင်း ၇၀ ကျော်အတွင်း အမေရိကန်စစ်တပ်၏ နောက်ဆုံးပေါ် တပ်ဖွဲ့ခွဲဖြစ်သည်။

မူရင်းသတင်း — Eleven Media Group