
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်တွင် လင်မယားနှစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးမှု စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅) ရပ်ကွက်၊ ၆၈ A လမ်းနှင့် ၆၈ B လမ်းကြား၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြားရှိ နေအိမ်တစ်ခုတွင် ဓားဒဏ်ရာများဖြင့် လူနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဓားဒဏ်ရာများဖြင့် သေဆုံးနေမှုသတင်းရရှိသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူတို့က သွားရောက်စစ်ဆေးရာ နေအိမ်အတွင်းရှိ အိမ်ခန်းအတွင်း ခုတင်ပေါ်၌ ဦးကျော်စိုး (၆၉ နှစ်) ၏ ရင်ဘက်တွင် ထိုးသွင်း ခုနစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်း
နှစ်ချက်၊ လည်ပင်းပြတ်ရှတစ်ချက်၊ လည်ပင်းနောက်ထိုးသွင်းနှစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် အိမ်ပေါ်တက်သည့် လှေကားအောက်၌ ဒေါ်တင်ပြည့် (၆၃ နှစ်) အား ဝမ်းဗိုက်ထိုးသွင်း တစ်ချက်၊ ရင်အုံထိုးသွင်း တစ်ချက်၊ လက်မောင်း ပြတ်ရှနှစ်ချက်၊ လက်မောင်းပြတ်ရှတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို
စစ်ဆေးတွေ့ရှိရပြီး သေဆုံးသူနှစ်ဦးအား လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
"အသတ်ခံရတဲ့သူတွေက ငွေချေးငှားလုပ်ငန်း လုပ်ကိုင်တယ်လို့တော့ သိရတယ်။ အမျိုးသားက လေဖြတ်နေတော့ အိပ်ရာပေါ်မှာပဲ နေနေရတာ။ ဓားဒဏ်ရာတွေအများကြီးနဲ့ အသတ်ခံလိုက်ရတာ။ ရွှေထည်ငွေထည်တွေပါသွားတာ
မရှိဘူးလို့လည်း သိရတယ်" ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
တရားခံဖမ်းဆီးရမိနိုင်ရေးအတွက် ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းလျက်ရှိကြောင်းနှင့် အမှတ် (၁၁) ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။