
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အသက် (၁၆) နှစ်နှင့် (၁၇) နှစ်အရွယ် လူငယ်နှစ်ဦး အပါအဝင် လူငယ်ခြောက်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် ရန်ပြေလမ်းရှိ အေးစိုးဦး (ခ) အိုမယ်ဆိုသူ၏ နေအိမ်၌ မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှ အသက် (၂၁) နှစ်အရွယ် အေးစိုးဦး (ခ) မယ်အို၊ အသက် (၁၈) နှစ်အရွယ် ဝေယံဖြိုး (ခ) မူမက်မန်း၊ အသက် (၂၃) နှစ်အရွယ် ကောင်းထက်စံ၊ အသက် (၁၈) နှစ်အရွယ် အောင်ခန့်ဇင်နှင့်အတူ အသက် (၁၆) နှစ်အရွယ် ကျော်ကျော်မိုး (ခ) ဖိုးချစ်နှင့် အသက် (၁၇) နှစ်အရွယ် ဖြိုးအာကာဆိုသူတို့အား မူးယစ်ဆေးဝါးသုံးစွဲနေကြသည့် ပုံစံမျိုးနှင့် တွေ့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက ဆက်လက်ပြီး "အဲ့ဒီ မူးယစ်ဆေးဝါးသုံးစွဲနေကြတဲ့လူငယ်တွေရဲ့ခန္ဓာကိုယ်နဲ့ နေအိမ်အတွင်းမှာ ရှာဖွေမှုတွေ လုပ်ဆောင်ကြတဲ့အခါမှာ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုတဲ့ ဂတ် (စ်) မီးခြစ် (၃) လုံး၊ ခဲပတ်စက္ကူအပိုင်းအစ (၃) ခု၊ အရှည်လေးလက်မခန့်ရှိ ဝါးရှူပြောင်း (၁) ခုကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။
ထို့အပြင် ‘ဖားစည်ပုံ’ တံဆိပ်ပါ အဖြူ/အနီအစင်း လွယ်အိတ်အတွင်းမှ အအေးစုပ်ပိုက်များအတွင်း ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄၈၂) ပြားကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးများအား ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိသူ အေးစိုးဦး (ခ) အိုမယ်၊ ဝေယံဖြိုး (ခ) မူမက်မန်း၊ ကောင်းထက်စံ၊ အောင်ခန့်ဇင်၊ ကျော်ကျော်မိုး (ခ) ဖိုးချစ်နှင့် ဖြိုးအာကာ တို့အား သက်ဆိုင်ရာယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ်အတွင်း လူငယ်များကြား စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းစာရွက်ပြုတ်ရည်သုံးစွဲမှုရှိနေသည့်အပြင် KTV များရှိ Hi ခန်းများအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။