Eleven Media Group

ကနေဒါနိုင်ငံကို ပထမဆုံး တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သည့် EU ကို ထရန့်ခြိမ်းခြောက်

ကနေဒါနိုင်ငံကို ပထမဆုံး တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သည့် ဥရောပသမဂ္ဂ (EU) ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၆ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

ကနေဒါနိုင်ငံကို EU ၏ တွဲဖက်အဖွဲ့ဝင် ဖြစ်လာစေရန် လမ်းဖွင့်ပေးထားကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ ‌အာဆူလာ ဗွန် ဒါ လီယန် ‌ပြောကြားခဲ့ပြီးနောက် EU နှင့် ကုန်သွယ်ရေး ဖြတ်တောက်မည်ဟု ထရန့်က ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ဗွန် ဒါ လီယန် ၏ အဆိုပြုချက်မှာ ထရန့်၏ ဦးဆောင်မှုအောက်ရှိ ရန်လိုသော အမေရိကန်နိုင်ငံထံမှ ကနေဒါနှင့် ဥရောပသမဂ္ဂ နှစ်နိုင်ငံစလုံး လမ်းခွဲထွက်ခွာရန် ကြိုးပမ်းနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

"ဒါဟာ ရယ်စရာကောင်းတယ်လို့ ထင်ပါတယ်။ သူတို့သာ ဒါကို လုပ်ခဲ့မယ်ဆိုရင်၊ ဒါဟာ ရန်လိုတဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော် ယူဆရင် ဥရောပနဲ့ လုပ်နေတဲ့ ကုန်သွယ်မှု ကဏ္ဍတော်တော်များများကို ပိတ်သိမ်းတာ ဒါမှမဟုတ် အလွန်ပြင်းထန်တဲ့ အခွန်တိုးမြှင့်ကောက်ခံတာတွေ ပြုလုပ်သွားမှာပါ" ဟု ဗွန်ဒါလီယန်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး မေးမြန်းချိန်တွင် ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

"သူတို့ရဲ့ ရည်ရွယ်ချက်က ကောင်းရင်တော့ အဆင်ပြေပါတယ်။ တကယ်လို့ ရည်ရွယ်ချက် မကောင်းဘူးဆိုရင်တော့ ကျွန်တော်တို့ ဥရောပအပေါ် အလွန်မြင့်မားတဲ့ အခွန်တွေ ကောက်ခံသွားမှာဖြစ်ပြီး ဒါဟာလည်း ဖြစ်နိုင်ခြေရှိပါတယ်" ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ဗွန် ဒါ လီယန် သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဥရောပသမဂ္ဂ အခြေပြ မိန့်ခွန်းပွဲသို့ တက်ရောက်လာသည့် ပထမဆုံး ဥရောပမဟုတ်သော အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သည့် ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးအား နည်းပညာ၊ ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့သည်။

ဒီမိုကရေစီနိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းများအပေါ် အခြေခံသည့်စနစ် ပြိုကွဲမှုနှင့် ရင်ဆိုင်နေရချိန်တွင် ဥရောပသမဂ္ဂနှင့် ကနေဒါတို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗွန် ဒါ လီယန်က စထရက်စ်ဘဝါ့ဂ်မြို့ရှိ ဥရောပပါလီမန်တွင် ပြောကြားခဲ့သည်။

"ကနေဒါနိုင်ငံဟာ EU ရဲ့ ပထမဆုံး တွဲဖက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေဖို့ တံခါးဖွင့်လှစ်ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်" ဟု ဗွန် ဒါ လီယန်က ကနေဒါ ဝန်ကြီးချုပ်ကို ပြောကြားခဲ့ချိန် ပါလီမန်တစ်ခုလုံး မတ်တပ်ရပ်ပြီး သြဘာပေးခဲ့ကြသည်။

ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲသွင်းခံလာရသည်နှင့်အမျှ ဝန်ကြီးချုပ် ကာနေးသည် ဥရောပသမဂ္ဂနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးများ ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဗွန် ဒါ လီယန်က ကုန်သွယ်ရေးကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုမှ ပိုမိုကျယ်ပြန့်သော အနာဂတ်အတွက် မဟာမိတ်ပြုမှုဆီသို့ ကူးပြောင်းရန်အချိန်တန်ပြီဖြစ်ပြီး ကနေဒါနှင့် ဆက်ဆံရေးကို အမြင့်မားဆုံး အဆင့်သို့ မြှင့်တင်ရန် ပြောကြားခဲ့သည်။

"ကျွန်မတို့ဟာ နည်းပညာကုန်ထုတ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ နည်းပညာဆိုင်ရာ မဟာမိတ်အဖွဲ့ကိုလည်း ထူထောင်သွားပါမယ်။ ကာကွယ်ရေးဆိုင်ရာ စက်မှုအခြေခံတွေကို ပေါင်းစည်းပြီး အာတိတ်ဒေသကို ပူးတွဲအကောင်အထည်ဖော်မယ့် အဓိက စီမံကိန်းတစ်ခု ဖြစ်လာစေမှာပါ" ဟု ၎င်းက ဆိုသည်။

ထို့ပြင် စွမ်းအင်၊ အရေးပါသော တွင်းထွက်သတ္တုများ၊ ဘက်ထရီ၊ AI၊ ဆိုက်ဘာနှင့် စီးပွားရေးဆိုင်ရာ လုံခြုံရေးတို့ကိုလည်း အခြားသော ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group