Eleven Media Group

ထိုင်းဘုရင် ကိုယ်တိုင်လေယာဉ်မောင်းနှင်ကာ ဗီယက်နမ်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် မိဖုရားဆုသီဒါတို့သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကိုယ်တိုင်လေယာဉ်မောင်းနှင်ကာ ဗီယက်နမ်နိုင်ငံ ၊ မြို့တော်ဟနွိုင်းသို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်ခရီးစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတတိုလမ်နှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၆ ရက်အထိ ကြာမြင့်ခဲ့သည်။

ထိုင်းဘုရင်နှင့်အတူ ထိုင်းဝန်ကြီးချုပ် အနုတင်က ခရီးစဉ်အတွင်း ဘုရင့်အနီးကပ် တာဝန်ရှိဝန်ကြီးအဖြစ် လိုက်ပါခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး အူရာဝဒီ ဆရီဖီရွမ်ယာနှင့် အခြားအဆင့်မြင့် အစိုးရအရာရှိများလည်း လိုက်ပါသွားကြသည်။

အသက် ၇၄ နှစ်အရွယ် ဘုရင်မဟာဝဇီရာလောင်ကွန်းသည် ထိုင်းတော်ဝင်တပ်မတော်တွင် တပ်မှူးနှင့် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်များ အပါအဝင် ရာထူးအမျိုးမျိုး ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ထီးနန်းဆက်ခံခဲ့သည်။ ၎င်းသည် စစ်ဘက်လေယာဉ်မှူးအဖြစ် လေ့ကျင့်သင်ကြားခဲ့သူဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက်လေယာဉ်များကို မောင်းနှင်ခဲ့ဖူးသည်။မိဖုရားဆုသီဒါကလည်း ၂၀၀၈ ခုနှစ်တွင် စစ်ဘက်ဝန်ထမ်းအဖြစ် မဝင်ရောက်မီ JALways နှင့် Thai Airways လေကြောင်းလိုင်းများတွင် လေယာဉ်မယ်အဖြစ် လုပ်ကိုင်ခဲ့သည်။

ဘုရင်နှင့် မိဖုရားနှစ်ဦးစလုံးသည် ထိုင်းအရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပေးထားသည့် လေယာဉ်မှူးလိုင်စင်များ ကိုင်ဆောင်ထားကြပြီး လေယာဉ်အမျိုးအစား အများအပြားကို မောင်းနှင်နိုင်သူအဖြစ် အရည်အချင်းပြည့်မီကြသည်။

ယခုခရီးစဉ်သည် ထိုင်းနှင့်ဗီယက်နမ်အကြား ၁၉၇၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် ထိုင်းဘုရင်နှင့် မိဖုရားတို့၏ ပထမဆုံး ဗီယက်နမ် နိုင်ငံတော်ခရီးစဉ်ဖြစ်လာကာ နန်းတက်ပြီးနောက် နှစ်ဦးအတူ ပထမဆုံးလာရောက်ခြင်းလည်း ဖြစ်သည်။ ဘုရင်မဟာဝဇီရာလောင်ကွန်းသည် အိမ်ရှေ့စံအဖြစ် ၁၉၉၂ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ဖူးသည်။

Ref: VnExpress

Photo: VietNamNet / The Standard (HK)

မူရင်းသတင်း — Eleven Media Group