
■ အရွယ်ရောက်ပြီးသူ ၆၀ ဦးလျှင် တစ်ဦးနှုန်း HIV ကူးစက်ခံထားရ
ဖီဂျီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် HIV အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး စက်တင်ဘာ ၁၆ ရက်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။
ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီတွင် လိင်မှတဆင့် ကူးစက်မှုနှင့် တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကြောင့် HIV ဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိပြီး၊ အရွယ်ရောက်ပြီးသူ ၆၀ ဦးလျှင် တစ်ဦးနှုန်း ကူးစက်ခံနေရသဖြင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း HIV ကူးစက်ခံရကြောင်းတွေ့ရှိခဲ့သူ ၂၀၁၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ယင်းသည် ၂၀၁၉ ခုနှစ်က မှတ်တမ်းတင်ခဲ့သည့် ပမာဏထက် ၁၆ ဆအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကာ အစိုးရတစ်ရပ်လုံးပါဝင်သော တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။
"ဖီဂျီနိုင်ငံမှာ နိုင်ငံတော်အဆင့် HIV အရေးပေါ်အခြေအနေကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကူးစက်ရောဂါရဲ့ ပြင်းထန်မှုကို အသိအမှတ်ပြုတာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံအတွက် ဟန်ချက်ညီစွာ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ဖို့ အခုချက်ချင်း လိုအပ်နေတာ ဖြစ်ပါတယ်" ဟု ကျန်းမာရေးဝန်ကြီး အာတိုနီယို လာလာဘာလာဗူက စက်တင်ဘာ ၁၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖီဂျီနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၆၀ ဦးလျှင် တစ်ဦးနှုန်း HIV ပိုး ကူးစက်ခံထားရသည်ဟု ခန့်မှန်းရပြီး ယင်းသည် လွန်ခဲ့သော ငါးနှစ်က ၁၆၇ ဦးလျှင် တစ်ဦးနှုန်း ကူးစက်ခံရသည့် ပမာဏမှ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀ လျှင် ၂ ဦးနှုန်းတွင် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း HIV ပိုးပါဝင်ပြီး မွေးဖွားလာသည့် ကလေးငယ် ၅၉ ဦးအနက် ၁၈ ဦးမှာ အသက်တစ်နှစ် မပြည့်မီ ကွယ်လွန်ခဲ့ကြသည်။
အစိုးရက အခမဲ့ HIV ပိုး စစ်ဆေးခြင်း၊ ကာကွယ်ရေး ဝန်ဆောင်မှုများနှင့် ကုသရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
"ဒီအထဲမှာ လျှင်မြန်စွာ ပိုးစစ်ဆေးခြင်း၊ ကူးစက်နိုင်ခြေ မြင့်မားသူတွေအတွက် ဆေးဝါးတွေ ပေးအပ်ခြင်း၊ မူးယစ်ဆေး ထိုးနှံသူတွေအတွက် ထိခိုက်မှု လျှော့ချရေး နည်းလမ်းများ ဆောင်ရွက်ပေးခြင်းနဲ့ HIV ပိုးတွေ့ရှိသူတွေကို အခမဲ့ ကုသပေးခြင်းတို့ ပါဝင်ပါတယ်"ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဖီဂျီနိုင်ငံ၏ ယခုကြိုးပမ်းဆောင်ရွက်မှုတွင် သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) နှင့် ကုလသမဂ္ဂတို့ထံမှ အကူအညီများ ရရှိနေကြောင်း ပြောကြားခဲ့သည်။
ကူးစက်သည့် နည်းလမ်း သိရှိရသည့် HIV ကူးစက်မှုဖြစ်စဉ်များအနက် ထက်ဝက်ကျော်မှာ လိင်မှတဆင့် ကူးစက်ခြင်းဖြစ်ပြီး ၄၂ ရာခိုင်နှုန်းကျော်မှာ မူးယစ်ဆေး ထိုးနှံသုံးစွဲခြင်းကြောင့် ဖြစ်ကြောင်း UNAIDS က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အေဂျင်စီက ဖီဂျီနိုင်ငံ၏ ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ ဖြန့်ဝေပေးသည့် အစီအစဉ်အတွက် ဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေမှုကို ကြိုဆိုခဲ့သည်။
"ဖီဂျီနိုင်ငံအနေနဲ့ ဒီကူးစက်ရောဂါရဲ့ ကူးစက်မှု လမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်" ဟု အာရှနှင့် ပစိဖိတ်ဒေသ အပါအဝင် ဒေသအသီးသီးဆိုင်ရာ UNAIDS ညွှန်ကြားရေးမှူး အီမွန် မာဖီက ပြောကြားခဲ့သည်။
"ပစိဖိတ်ဒေသတစ်ခုလုံးအတိုင်းအတာနဲ့ ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေရှည်တည်တံ့တဲ့ နိုင်ငံတကာ အပြန်အလှန် လေးစားမှုတို့ဟာ အမျိုးသားအဆင့် ကြိုးပမ်းအားထုတ်မှုကို ပိုမို အားကောင်းစေပြီး လုပ်ဆောင်ချက်တွေကို ပိုမို မြန်ဆန်လာစေမှာ ဖြစ်ပါတယ်" ဟု ၎င်းက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
Ref: AFP