
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မြန်မာ၊တရုတ်နှင့် အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို မူးယစ်ဆေးဝါးထုတ်လုပ်သည့် နိုင်ငံများအဖြစ် စက်တင်ဘာ ၁၆ ရက်က သတ်မှတ်ခဲ့ကြောင်း The New Indian Express သတင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းသည့် သမ္မတ၏ ဆုံးဖြတ်ချက်ဆိုင်ရာ စိစစ်သတ်မှတ်ချက်တွင် ထရန့်က အဆိုပါ နိုင်ငံများ၏ အစိုးရများအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ထုတ်လုပ်မှုများကို ဖြေရှင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
မည်သို့ပင်ဆိုစေ ယခုစာရင်းတွင် ပါဝင်နေသည့်တိုင် ထိုနိုင်ငံများမှ အစိုးရများ၏ လက်ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကြိုးပမ်းမှုများ သို့မဟုတ် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို ယခုသတ်မှတ်ချက်က ပုံဖော်ပြသခြင်း မဟုတ်ကြောင်း ဆုံးဖြတ်ချက် အစီရင်ခံစာ၌ ရှင်းလင်းဖော်ပြထားသည်။
အဆိုပါ စာရင်းတွင် နိုင်ငံများကို ထည့်သွင်းရခြင်းမှာ အစိုးရများအနေဖြင့် ခိုင်မာပြီး စေ့စပ်သေချာသော မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ဥပဒေစိုးမိုးရေး အစီအမံများကို ဆောင်ရွက်ထားသည့်တိုင် မူးယစ်ဆေးဝါး သို့မဟုတ် ကုန်ကြမ်းဓာတုပစ္စည်းများအား ၎င်းတို့ နယ်မြေအတွင်း ဖြတ်သန်းသယ်ယူခွင့် သို့မဟုတ် ထုတ်လုပ်ခွင့် ပြုနေရသည့် ပထဝီဝင်၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များ ပေါင်းစပ်ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာ၊တရုတ်၊ အိန္ဒိယ နှင့် ပါကစ္စတန်တို့အပြင် အဓိက မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာလမ်းကြောင်းများ သို့မဟုတ် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ နိုင်ငံများအဖြစ် သတ်မှတ်ခံရသည့် နိုင်ငံများအနက် အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလဇ်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလားတို့ ပါဝင်သည်။
Source: The New Indian Express