Eleven Media Group

ဘန်ကောက်မြို့ရှိ ကျားဖျန့်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲ့  ဝင်ရောက်စီးနင်းခဲ့ချိန်တွင် မြန်မာနိုင်ငံသားများအပါအဝင် သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကျားဖျန့်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင်ဝင်ရောက်စီးနင်းခဲ့ချိန်တွင် မြန်မာနိုင်ငံသားများအပါအဝင် သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း Thai Enquirer သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့ တော် ဘန်းဘွန် အုပ်ချုပ်ရေး ခရိုင်ရှိ အဆင့်မြင့် လုံးချင်းအိမ်တစ်ခုအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး သံသယရှိသူများသည် ဂျပန်ရဲအရှိများအဖြစ် ဟန်ဆောင်ပြီး ဂျပန်နိုင်ငံအတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား လိမ်လည်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသား တစ်ဦး၊ဂျပန်နိုင်ငံသားလေးဦး၊ တရုတ်နိုင်ငံသား လေးဦး၊ တရုတ် (တိုင်ပေ) နှစ်ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် မည်သည့်နိုင်ငံသားမှန်း အတည်မပြုနိုင်သေးသူတစ်ဦး ပါဝင်သည်။

ခေါင်းဆောင်ဟု သံသယရှိရသည့် တရုတ်နိုင်ငံသားသည် အဆိုပါအိမ်အား ကြားခံလူတစ်ဦး၏ အမည်ခံကို အသုံးပြု၍ တစ်လလျှင် ဘတ် ၉၀၀၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သံသယရှိသူများသည် နစ်နာသူများထံ တရားမဝင် ကုန်ပစ္စည်းများ ပါရှိသည့် ပါဆယ်ထုပ်များ ၎င်းတို့၏ အမည်ဖြင့် ပေးပို့ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

ထို့နောက် ရဲအရာရှိများအဖြစ် ဟန်ဆောင်ထားသည့် ၄င်းတို့၏ လုပ်ဖော်ကိုင်ဘက် ပူးပေါင်းကြံစည်သူများထံ ဖုန်းလွှဲပေးခဲ့ပြီး အဆိုပါ ဟန်ဆောင်ရဲများက နစ်နာသူများအား မသင်္ကာဖွယ် ငွေကြေးလွှဲပြောင်းမှုများတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲကာ ငွေလွှဲခိုင်းခဲ့ကြသည်။

လိမ်လည်မှုအဆင့်အသီးသီးအတွက် အသုံးပြုသည့် အခန်းများအတွင်းမှ ဂျပန်ဘာသာစကားဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ ဂျပန်ရဲတပ်ဖွဲ့ တံဆိပ်တုံးအတုများနှင့် ရဲယူနီဖောင်းများကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ထို့ပြင် ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ မက်သာဖက်တမင်းမူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

Ref: Thai Enquirer

မူရင်းသတင်း — Eleven Media Group