
အမေရိကန်နည်းပညာကုမ္ပဏီ Apple ၏ အသစ်ထွက်ရှိလာသည့် iPhone 18 Pro ကို ဝယ်ယူရန်အတွက် ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် မလေးရှားပြီးလျှင် ဒုတိယဈေးအသက်သာဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် iPhone 18 စီးရီးသစ် မော်ဒယ်များအတွက် ကြိုတင်မှာယူမှုကို စက်တင်ဘာ ၁၂ ရက်တွင် စတင်လက်ခံခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် တရားဝင်ရောင်းချမည်ဖြစ်သည်။
ဂျပန်နိုင်ငံအခြေစိုက် ဈေးနှုန်းနှိုင်းယှဉ်ရေးဝက်ဘ်ဆိုက် Nukeni ၏ စာရင်းအရ iPhone 18 Pro 256GB မော်ဒယ်သည် ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁,၄၆၈ ဒေါ်လာခန့်ဖြင့် ရောင်းချပြီး မလေးရှားနိုင်ငံတွင် ဒေါ်လာ ၁,၃၅၀ ခန့်ဖြင့် ရောင်းချသည်ဟု သိရသည်။
စင်ကာပူတွင် ၁,၄၉၂ ဒေါ်လာခန့်၊ ဗီယက်နမ်တွင် ဒေါ်လာ ၁,၅၀၀ ခန့်နှင့် ဖိလစ်ပိုင်တွင် ၁,၅၀၉ ဒေါ်လာခန့်ရှိသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် iPhone 18 Pro ဝယ်ယူရန် ဈေးအသက်သာဆုံး အဆင့် ၉ နေရာတွင် ရှိနေသည်။
အမေရိကန်နိုင်ငံတွင်မူ ၁,၁၉၉ ဒေါ်လာခန့် အနိမ့်ဆုံးစျေးနှုန်းဖြင့် ဝယ်ယူနိုင်ပြီး ကနေဒါတွင် ဒေါ်လာ ၁,၃၂၀ ခန့်၊ ဟောင်ကောင်တွင် ၁,၃၃၉ ဒေါ်လာခန့်၊ မလေးရှားတွင် ဒေါ်လာ ၁,၃၅၀ ခန့်နှင့် ယူအေအီးတွင် ၁,၃၈၈ ဒေါ်လာခန့်ဖြင့် ရောင်းချသည်။
iPhone 18 Pro Max 256GB မော်ဒယ်အတွက်လည်း ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် မလေးရှားပြီးလျှင် ဒုတိယဈေးအသက်သာဆုံး ဈေးကွက်အဖြစ်ရှိနေပြီး Pro Max မော်ဒယ်၏ဈေးနှုန်းက iPhone 18 Pro ထက် ဒေါ်လာ ၁၀၀ ခန့် ပိုများသည်။
Apple သည် iPhone 18 Pro နှင့် iPhone 18 Pro Max မော်ဒယ်များကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပထမဆုံးခေါက်သိမ်းအသုံးပြုနိုင်သည့် စမတ်ဖုန်းမော်ဒယ် Duo နှင့်အတူ မိတ်ဆက်ခဲ့သည်။ Duo မော်ဒယ်က အောက်တိုဘာ ၁၆ ရက်မှသာ ကြိုတင်မှာယူနိုင်မည်ဖြစ်ကာ အောက်တိုဘာ ၂၃ ရက်တွင် စတင်ရောင်းချမည်။
Ref: VnExpress