
■ သေချင်သည်ဆိုပါက မိမိတို့၏ နိုင်ငံများကို ပြန်ပြီး သေကြရန် ပြောကြား
ထိုင်းနိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော သို့မဟုတ် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်သော နိုင်ငံခြားသားများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်က ပြင်းထန်သော စကားလုံးများ သုံးနှုန်းပြောကြားခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်နယ်အာဏာပိုင်များကိုလည်း ဥပဒေစိုးမိုးရေးအတွက် အရှိန်မြှင့် ဆောင်ရွက်ရန် အနူတင်က ညွှန်ကြားခဲ့သည်။
"ဒီကိုလာရင် ရိုးရိုးသားသား အလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါ။ သေချင်တယ်ဆိုရင်လည်း ကိုယ့်နိုင်ငံကို ပြန်ပြီး သေကြပါ။ ဒီမှာလာပြီး သေစရာ မလိုပါဘူး" ဟု ထိုင်းနိုင်ငံအတွင်း သီးသန့် သချႋုင်းဂူများ တည်ဆောက်ရန် ကြိုးပမ်းနေသည့် နိုင်ငံခြားသားများကို ရည်ညွှန်းပြီး အနူတင်က စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အနူတင်သည် စက်တင်ဘာ ၁၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် မူဝါဒဆိုင်ရာရှင်းလင်းပွဲတွင် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် တရားမဝင် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေသည်ဟု စွပ်စွဲခံထားရသည့် နိုင်ငံခြားသားများကို အစိုးရက နှိမ်နင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရိုးရိုးသားသား အလုပ်လုပ်ကိုင်ပြီး ထိုင်းဥပဒေများကို လေးစားလိုက်နာကာ ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်ခြင်း မရှိသည့် နိုင်ငံခြားသားများကိုမူ ထိုင်းနိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် မောက်မာရိုင်းစိုင်းစွာ ပြုမူခြင်း၊ ပြည်သူများကို ခြိမ်းခြောက်အနိုင်ကျင့်ခြင်း သို့မဟုတ် အခြား မလိုလားအပ်သည့် ပြုမူနေထိုင်မှုများ ပြုလုပ်သူများသည် ဥပဒေအရ အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အထူးသဖြင့် ဖူးခက်နှင့် ဆူရတ်သာနီဒေသများကို ထည့်သွင်းပြောကြားခဲ့ပြီး တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် အခြားသော လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသားများကို ဥပဒေအတိုင်း အရေးယူရန် တစ်နိုင်ငံလုံးရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများကို အနူတင်က ညွှန်ကြားခဲ့သည်။
ထို့ပြင် ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းသည် ဥပဒေဆိုင်ရာ သတ်မှတ်ချက်များနှင့် ငြိစွန်းသည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရာတွင် အာဏာပိုင်များအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို ရရှိစေမည်ဖြစ်ကြောင်း အနူတင်က ပြောဆိုခဲ့သည်။
"ပြုမူနေထိုင်ပုံတွေဟာ သတ်မှတ်ချက်တွေနဲ့ ငြိစွန်းနေရင် ချက်ချင်း အရေးယူပါ။ လေယာဉ်လက်မှတ်ခ ကုန်ကျစရိတ် ကိစ္စတွေကြောင့် ပြည်နှင်ဒဏ်ပေးဖို့ အချိန်မဆွဲပါနဲ့" ဟုလည်း အနူတင်က ဆက်လက်မှာကြားခဲ့သည်။
Ref: Khaosod English