Eleven Media Group

■မြောက်ကိုရီးယားက နျူကလီးယားလက်နက်စွန့်လွှတ်လိမ့်မည်ဟု မျှော်လင့်နေသူများသည် လူမိုက်များဟု ကင်ဂျုံအန်၏ ညီမဝေဖန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ၎င်းတို့နျူကလီးယားလက်နက်ပိုင်ဆိုင် သည့် နိုင်ငံအဖြစ် ရပ်တည်မှုမှာ အကြွင်းမဲ့ဖြစ်ပြီး မည်သည့်အရာနှင့်မှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားလိုက်ကာ နျူကလီးယားလက်နက်များကို စွန့်လွှတ်လိမ့်မည်ဟု မျှော်လင့်နေသူများကို လူမိုက်များဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ကင်ယိုဂျုံက နိုင်ငံ၏ နျူကလီးယားလက်နက်များသည် နိုင်ငံတကာမှ အန္တရာယ်ပြုသူများ၏ မဆင်မခြင် လုပ်ရပ်များကို ဟန့်တားရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်းလည်း ပြောသည်။

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ကျင်းပနေသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အထွေထွေညီလာခံနှင့် တစ်ချိန်တည်း ၎င်း၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားတွင် အလွန်အင်အားကြီးသည့် နျူကလီးယားလက်နက် ၅၇ ခု ပိုင်ဆိုင်ထားသည်ဟု ဒေါ်နယ်ထရန့်က မကြာသေးမီက ပြောဆိုခဲ့ပြီး တောင်ကိုရီးယားကမူ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်အရေအတွက်ကို ၈၀ မှ ၁၂၀ ကြား ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်စွန့်လွှတ်ရန် ကြိုးပမ်းနေသည်ဆိုသည့် ပြောဆိုမှုများကို ကင်ယိုဂျုံက အဓိပ္ပာယ်မရှိသည့် စကားများအဖြစ် ပယ်ချခဲ့ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးကို ဥပဒေအရရော လက်တွေ့မှာပါ အပြီးတိုင် သတ်မှတ်ထားပြီးဖြစ်သဖြင့် ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က ကင်ဂျုံအန်နှင့် ​ဒေါ်နယ်ထရန့်တို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားက နျူကလီးယားလက်နက်စွမ်းရည်များကို ဆက်လက်တိုးချဲ့လာခဲ့သည်။

ထိပ်သီးတွေ့ဆုံပွဲတွင် မြောက်ကိုရီးယားက နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အပြန်အလှန် ရရှိမည့် အကျိုးအမြတ်များနှင့် ပတ်သက်၍ သဘောတူညီမှု မရခဲ့ခြင်းဖြစ်သည်။

Ref: AFP,Photo: AP

မူရင်းသတင်း — Eleven Media Group