Eleven Media Group

■ တရုတ်က အီရန်၏ တရားဝင်အခွင့်အရေးများကို ကာကွယ်ပေးရန် အသင့်ရှိဟု ဆို

တရုတ်နိုင်ငံသည် အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်နှင့် အီရန်၏ တရားဝင်အခွင့်အရေးများ၊ အကျိုးစီးပွားများကို ကာကွယ်ပေးရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီနှင့် စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်းပင် အမေရိကန်သို့သွားရောက်ပြီး ဒေါ်နယ်ထရန့်နှင့်တွေ့ရန် စီစဉ်ထားသည့် ခရီးစဉ်မတိုင်မီ တစ်ပတ်အလိုတွင် နိုင်ငံခြားဝန်ကြီးနှစ်ဦး ပေကျင်းမြို့တွင် တွေ့ခဲ့ကြသည်။

အီရန်နှင့်အမေရိကန် နှစ်ဖက်စလုံး ဆင်ခြင်တုံတရားရှိရှိ ထိန်းထိန်းသိမ်းသိမ်း ပြုမူကြရန် တိုက်တွန်းလိုသည်ဟု ဝမ်ယိကပြောပြီး ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်ဖွင့်နိုင်ရေး သက်ဆိုင်သူအားလုံးက ထိရောက်သည့်အစီအမံများ ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။ ဒေသတွင်းတင်းမာမှုများ ယီမင်နှင့် ပင်လယ်နီဒေသများအထိ ပျံ့နှံ့သွားမည်ကို မမြင်လိုကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင်ဝမ်ယိက အီရန်နှင့် အမေရိကန်တို့ကြား ယခင်သဘောတူညီချက်များအပေါ် အခြေခံကာ ဆွေးနွေးညှိနှိုင်းရေးယန္တရားကို ပြန်လည်တည်ဆောက်ပြီး အဓိပ္ပာယ်ရှိဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း၊ လက်ရှိအခြေအနေက အရှေ့အလယ်ပိုင်း၏ လုံခြုံရေးဖွဲ့စည်းမှုစနစ် မလုံလောက်သည်ကို ပြသနေ​ကြောင်း၊ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းအတွင်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို မြှင့်တင်ပေးရန် အသင့်ရှိကြောင်း၊ အီရန်အပေါ် တရုတ်၏မူဝါဒမှာလည်း တသမတ်တည်းရှိကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်း၏တယ်လီဂရမ်ချန်နယ်တွင် ဒေသတွင်းငြိမ်းချမ်းရေး ပြန်လည်ရရှိရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများ ပြန်လည်တည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ ထို့ကြောင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်​ကြောင်း အသိပေးထားသည်။ တရုတ်နိုင်ငံသည် အီရန်ရေနံစိမ်းကို အများဆုံးဝယ်ယူသည့်နိုင်ငံ ဖြစ်သည်။

Ref: AFP and Reuters

မူရင်းသတင်း — Eleven Media Group