
ခွင့်ပြန်လုပ်သားများ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ပြုရန် တင်ပြရာတွင် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနှင့် အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားသည့် အထောက်အထားများပါ ပြသရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က ထုတ်ပြန်သည်။
စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည့်အချက်အလက်အရ ခွင့်ပြန်လုပ်သားများအနေဖြင့် ပြည်ပသို့ ထွက်ခွာခွင့်တင်ပြရာတွင် အချက် ၁၀ ချက်ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအချက်များမှာ နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိနေသည့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရှေ့/နောက်မိတ္တူ၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ Visa မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရိုက်နှိပ်ထားသည့် ပြည်ထွက်ခွင့်နှင့် ပြည်ဝင်ခွင့်တံဆိပ်တုံး များပါရှိသည့် နိုင်ငံကူးလက်မှတ်စာမျက်နှာ(မိတ္တူ)၊လေယာဉ်လက်မှတ်မိတ္တူ၊ အလုပ်ရှင်၏ ခွင့်စာမိတ္တူ၊ မိသားစုလွှဲပို့ငွေ ၂၅% တရားဝင်လွှဲပို့ခဲ့သည့် အသေးစိတ်အထောက်အထားများ၊ (အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့သည့် ၂၈-၈-၂ဝ၂၄ ရက်နေ့မှစတင်၍)၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ခဲ့သည့် အထောက်အထား၊ သက်ဆိုင်ရာနိုင်ငံသံရုံး၏ သံရုံးထောက်ခံချက်၊ ရောက်ရှိကြောင်းသတင်းပို့ပုံစံ တို့ဖြစ်ကြောင်းသိရသည်။
မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းအား တရားဝင်လွှဲပို့ခဲ့သည့် အသေးစိတ်အထောက်အထားတွင် မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းတင်ပြရမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်မှ စတင်ပြီး လွှဲပို့ထားသည့်အထောက်အထားများ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။