Myanmar National Post

အီရန်စစ်ပွဲအတွက် သုံးတာ ပျက်စီးဆုံးရှုံးမှု မပါဘဲ ၄၄ ဘီလီယံလောက်ကုန်နေပြီလို့ အမေရိကန်ဆို


စက်တင်ဘာ - ၁၉ ( စနေနေ့) 

အီရန်နဲ့ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုန်ကျစရိတ် ဒေါ်လာ ၄၃.၆ ဘီလီယံ ရှိသွားခဲ့ပြီ ဖြစ်ပြီး၊ အဲဒီကုန်ကျစရိတ်ရဲ့ သုံးပုံနှစ်ပုံလောက်ကတော့ ကုန်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက် တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက်ပဲ သုံးစွဲခဲ့ရတယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က သောကြာနေ့မှာ လွှတ်တော်အမတ်တွေဆီ ပေးပို့ခဲ့ပြီး မီဒီယာတွေကိုလည်း မျှဝေပေးခဲ့တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒီခန့်မှန်းခြေစာရင်းဟာ စက်တင်ဘာလ ၃ ရက်နေ့အထိ ကုန်ကျစရိတ်တွေကို အခြခံထားတာဖြစ်ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေအတွက် ဒေါ်လာ ၁၁.၂ ဘီလီယံ ခန့်ခွဲပေးထားခဲ့ပြီး၊ သုံးစွဲပြီးသွားတဲ့ ခဲယမ်းမီးကျောက်တွေကို အစားထိုးဖို့အတွက် နောက်ထပ် ဒေါ်လာ ၂၈.၁ ဘီလီယံ ထပ်လိုမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ဆုံးရှုံးမှုတွေကို အစားထိုးဖို့အတွက်လည်း ဒေါ်လာ ၄.၃ ဘီလီယံ ထပ်မံခွဲဝေသုံးစွဲခဲ့ပါတယ်။

ဘလွန်းဘာဂ်သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ အဆိုပါ ဒေါ်လာ ၄၃.၆ ဘီလီယံ ဆိုတဲ့ ပမာဏထဲမှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ ဒေသတွင်းက အမေရိကန်စစ်စခန်းတွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် လိုအပ်လာမည့် ဘီလီယံနဲ့ချီတဲ့ ငွေကြေးပမာဏတွေ မပါဝင်သေးပါဘူး။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ စစ်ဆေးရေးမှူးချုပ်ရဲ့ အစီရင်ခံစာအရ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံ ၈ နိုင်ငံက အမေရိကန်စစ်စခန်းတွေမှာရှိတဲ့ အဆောက်အအုံနဲ့ အခြားဖွဲ့စည်းပုံတွေ ရာပေါင်းများစွာ ထိခိုက်ပျက်စီး သို့မဟုတ် ပြိုပျက်ခဲ့ရပါတယ်။ ဒါ့အပြင် အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ စခန်းအချို့မှာရှိတဲ့ တန်ဖိုးကြီးပြီး နည်းပညာမြင့် ရေဒါစနစ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒီစစ်ပွဲကြောင့် ‘မဟာဗျူဟာမြောက် လက်နက်ခဲယမ်း လက်ကျန်တွေ နည်းပါးသွားခဲ့ရပြီး၊ ခဲယမ်းမီးကျောက်တွေ ကို ပြန်လည်ဖြည့်တင်းရာမှာလည်း စက်မှုလုပ်ငန်းဘက်က အခက်အခဲအတားအဆီးတွေ ရှိနေတာကို ဖော်ပြနေပါတယ်’ လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) ရဲ့ အစောပိုင်း ခန့်မှန်းချက်တွေအရ ခဲယမ်းမီးကျောက် အများစုကိုတော့ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေကို ကြားဖြတ် ဟန့်တားဖို့အတွက် အဓိက သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။ ခန့်မှန်းခြေ သုံးစွဲငွေရဲ့ ၅၈% လောက်ဟာ ပက်ထရီယော့ နဲ့ သက်ဒ်  နဲ့ အခြား အဓိကကျတဲ့ ဒုံးကျည်တွေလိုမျိုး လေကြောင်းရန် ကာကွယ်ရေး လက်နက်ခဲယမ်းတွေဘက်ကို ရောက်ရှိသွားခဲ့ပြီး၊ ဒါကပဲ ကြားဖြတ်ဟန့်တားရေး ဒုံးကျည်အရေအတွက်တွေအပေါ် ဖိအားတွေ ပိုများလာစေခဲ့တယ်လို့ အဲဒီ သုတေသနအဖွဲ့က ဇွန်လတုန်းက ခန့်မှန်းပြောဆိုခဲ့ပါတယ်။


REF: RT

#News #Myanmar 

မူရင်းသတင်း — Myanmar National Post