Eleven Media Group

■ ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြို့နယ်နှင့် သထုံမြို့နယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူးများ ပိတ်သိမ်းရန် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညွှန်ကြား

ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြို့နယ်နှင့်သထုံမြို့နယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူးများ ပိတ်သိမ်းရန် မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌ဇေယျာဦး သည် မြန်မာ့မီးရထား သိမ်ဇရပ် - မော်လမြိုင် လမ်းပိုင်းအတွင်း ပိတ်သိမ်းရန်ကျန်ရှိသည့် တရားမဝင်လမ်းကူးများကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးနှင့် တရားမဝင်လမ်းကူးများ အမြန်ဆုံးပိတ်သိမ်းနိုင်ရေးအတွက် ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

တရားမဝင်လမ်းကူးများ အသုံးပြုခြင်းကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေး၊ ဖြစ်ပွားတတ်သည့် အန္တရာယ်များနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား အသိပညာပေးရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် တရားမဝင်လမ်းကူးများနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဝန်ကြီးဦး‌ဇေယျာဦးက တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်း မွန်ပြည်နယ်အတွင်းရှိ ရထားလမ်းပိုင်းဖြစ်သည့် သိမ်ဇရပ်ဘူတာမှ ‌မော်လမြိုင်ဘူတာအထိ ရထားလမ်းကူး (၁၅၇) နေရာရှိသော်လည်း တရားဝင် ရထားလမ်းကူးမှာ (၁၆) ခုသာရှိကြောင်းနှင့် ပေါင်မြို့နယ်အတွင်း တရားမဝင် ရထားလမ်းကူးအများရှိ တည်ရှိနေပြီး နှစ်စဉ် ရထားတိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန် နေပြည်တော်ရထားလမ်းပိုင်ရှိ တရားမဝင်ရထားလမ်းကူးတွင် DEMU ရထားနှင့်ထွန်စက်၊‌ ဘေးတွဲယာဉ်တို့တိုက်မှုဖြစ်ပွားခဲ့ရာ ဘုန်ကြီး ၁ပါးနှင့် လူ ၃ ဦးသေဆုံးခဲ့သေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group