Eleven Media Group

ချမ်း​မြေ့ရိပ်သာ ဆရာ​တော်ကြီး အရှင်ဇနကာဘိဝံသ ဘဝနတ်ထံ ပျံလွန်​တော်မူ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာကျောင်း ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် ယနေ့(စက်တင်ဘာလ ၁၉ ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ Grandhantha International Hospital ၌ ခန္ဓာ့ဝန်ချ၍ ဘဝနတ်ထံပျံလွန်တော်မူကြောင်း သိရသည်။

ချမ်းမြေ့ရိပ်သာဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် ဘဝနတ်ထံပျံလွန်တော်မူချိန်တွင် သက်တော် ၉၉ နှစ် ဝါတော် ၇၉ ဝါရှိပြီဖြစ်သည်။

ချမ်းမြေ့ဆရာတော်လောင်းလျာကို ၁၂၉ဝ ပြည့်နှစ်၊ ဝါခေါင် လဆန်း ၈ ရက်၊( ၁၉၂၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်) အင်္ဂါနေ့တွင် ခမည်းတော်ဦးဖြူမင်းနှင့် မယ်တော်ဒေါ်ရွှေရည်တို့က ဖွားမြင်ပြီး ဇာတိမှာ တောင်တွင်းကြီးမြို့၊ပျဉ်းမရွာဖြစ်ပြီး ပျဉ်းမရွာရှိအစိုးရမူလတန်းကျောင်း၌စတုတ္ထတန်း အောင်မြင်ပြီးနောက် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့သည်။

ထို့နောက် ဆရာတော်လောင်းလျာသည် အသက် ၁၅ နှစ်သားအရွယ်တွင် တောင်တွင်းကြီးမြို့ တောရဗိမာန်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဦးမာလာဝံသကို ဥပဇ္ဈာယ်ပြု၍ ရှင်ဇနကဟူသော ဘွဲ့မည်ဖြင့်ရှင်သာမဏေအဖြစ် ခံယူခဲ့သည်။

ချမ်းမြေ့ဆရာတော်လောင်းလျာဖြစ်သည့် ရှင်ဇနကသည် ဥပဇ္ဈာယ်ဆရာတော် ဦးမာလာဝံသ နှင့်စာချဆရာတော် ဦးဝါသဝိန္ဒတို့ထံ၌ပိဋကတ်ကျမ်းဂန်များကို လေ့လာဆည်းပူးခဲ့ကာ ၁၃ဝ၉ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့ (၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်) ၌ တောရဗိမာန်ဆရာတော် အရှင်ပဒုမထေရ်ကို ဥပဇ္ဈာယ်ပြု၍တောင်တွင်းကြီးမြို့ ၊ ရွှေအိုးရပ်၊ကုန်သည်ကြီး ဦးစိန်ညိုနှင့် ဇနီး ဒေါ်လှနှစ်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။

ဆရာတော်သည် မန္တလေးမြို့၊ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ဆရာတော်ဘုရားကြီးထံ၌ ပိဋကတ်စာပေကို ဆက်လက်၍ သင်ယူ ဆည်းပူးခဲ့ပြီး ပိုက်ကျုံး ဆရာတော်ကြီး ဦးဇာနေယျဗုဒ္ဓိ၊အသောကာရုံ ဆရာတော် ဦးသုဝဏ္ဏဇောတိ၊ဗာရာဏသီဆရာတော် ဦးအာနန္ဒပဏ္ဍိတ၊သံတော်ဆင့်စာချဆရာတော် ဦးဝါသဝ နှင့်မစိုးရိမ်တိုက် စာချဆရာတော် ဦးဝိစိတ္တာဘိဝံသ၊ မန္တလေးမြို့ အနောက်ပြင်၊ တောင်ပြင် စာချဆရာတော်များ ထံ၌လည်း ပိဋကတ်စာပေ ကျမ်းဂန်တို့ကိုထပ်မံ လေ့လာဆည်းပူးခဲ့သည်။

ချမ်းမြေ့ဆရာတော်ကြီးသည် ၁၉၅၂ ခုနှစ်၊ ဇွန်လ ၌ အစိုးရ ပါဠိတက္ကသိုလ်များ အနေဖြင့်ပထမဆုံးကျင်းပသော ပါဠိတက္ကသိုလ် စာချတန်းစာမေးပွဲ၌ကျမ်းရင်းသုံးကျမ်းနှင့် ဂုဏ်ထူး ငါးကျမ်းတို့ကိုတစ်နှစ်တည်းဖြင့်ပင် ဖြေဆိုအောင်မြင်ခဲ့၍သာသနဓဇသိရီပဝရဓမ္မာစရိယ ဘွဲ့ တော်ကိုရရှိခဲ့ပြီး ကျန် ဂုဏ်ထူးတစ်ကျမ်းကိုမူ နောက်တစ်နှစ်၌ရန်ကုန်တွင် ဖြေဆိုအောင်မြင်ခဲ့ကာ ပါဠိတက္ကသိုလ်စာချတန်း အောင်မြင်ပြီးနောက် မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်၌ပင် ကထိကအဖြစ် စာပေပို့ချခဲ့ပြီး ထိုအချိန်၌ပင် သကျသီဟစာချတန်း၌အဋ္ဌကထာနှစ်ကျမ်း အောင်မြင်ခဲ့သည်။

ဆရာတော်သည် ၁၉၅၃ ခုနှစ် ဝါတွင်း၌ မဟာစည် ဆရာတော်ဘုရားကြီးထံတွင် လေးလကျော်မျှ ဝိပဿနာတရားကိုအားထုတ်ခဲ့ပြီးနောက် ဆဋ္ဌသံဂါယနာဝန်ဆောင်အဖွဲ့က ပင့်လျှောက်သဖြင့် သံဂါယနာ ပါဠိပဋိဝိသောဓက( ပါဠိကျမ်းစာ တည်းဖြတ်ရေး) အဖွဲ့တွင် ပဋိဝိသောဓကအဖြစ် ကူညီဆောင်ရွက်ခဲ့သည်။

၁၉၅၅ ခုနှစ်တွင် ဆရာတော်သည် သကျသီဟစာမေးပွဲတွင်ဖြေဆိုရန် ကျန်ရှိနေသေးသော အဋ္ဌသာလိနီ အဋ္ဌကထာကိုဖြေဆို အောင်မြင်၍ ပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့တော်ကိုရရှိခဲ့ကာ ဆရာတော်သည် အသက် (၂၇) နှစ်မတိုင်မီ မန္တလေး ပရိယတ္တိသာသနာဟိတအသင်း၏ "အဘိဝံသ" ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့သဖြင့် အရှင်ဇနကာဘိဝံသ ဟု ကျော်ကြားခဲ့သည်။

၁၉၅၇ ခုနှစ်၌ ဆရာတော်သည် သီရိလင်္ကာနိုင်ငံသို့ ကြွ၍ ကိုလံဘိုမြို့ မဟာဝိသုဒ္ဓါရာမတိုက်၌ ခြောက်နှစ်တာမျှ သီတင်း သုံးလျက် အင်္ဂလိပ်ဘာသာ၊ သက္ကဋဘာသာ၊သီဟိုဠ်ဘာသာ၊ ဟိန္ဒီဘာသာနှင့် အခြားသော ခေတ်ပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ကိုလံဘိုမြို့၌ ရှိနေစဉ်အတွင်း လန်ဒန် G.C.E. (A Level) စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။

ဆရာတော်သည် မြန်မာနိုင်ငံသို့ ၁၉၆၃ ခုနှစ်၊ ဇွန်လတွင်ပြန်လည်ကြွလာပြီး နိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့၏တတိယအကြိမ် ပင့်လျှောက်ချက်အရ ကမ္ဘာအေး၊ ဇမ္ဗူဒီပကျောင်းဆောင် ၌ သီတင်းသုံးလျက် ပါဠိကျမ်းစာများ တည်းဖြတ်ရေးတာဝန်ကို ဆောင်ရွက်ခဲ့သည့်အပြင် မဟာစည် ဆရာတော်ဘုရားကြီး၏ တိုက်တွန်းချက်အရဆရာတော်ဘုရားကြီးပြုစုတော်မူသောဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းအတွက်စာမျက်နှာ ၄ဝ ရှိသော နိဒါန်းကိုရေးသားဆက်ကပ်ခဲ့ရသည်။

၁၉၆၇ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒလမ်းညွှန်မှုဖြင့် မဟာစည်သာသနာ့ရိပ်သာ၌ နာယကဆရာတော် (တရားပြဆရာတော်) တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ပရိယတ္တိ (စာပေသင်ယူပို့ချခြင်း) နှင့် ပဋိပတ္တိ (တရားအားထုတ်ခြင်း) လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ပြီး ပဋိပတ္တိသာသနာပြုလုပ်ငန်းနယ်ပယ်တွင် ဆရာတော် အရှင်ဇနကာဘိဝံသသည် မဟာစည်သာသနာ့ရိပ်သာ၌ ငါးနှစ်ကြာနှင့် မန္တလေး ရတနာပုံသာသနာ့ရိပ်သာ၌ တစ်နှစ်ခွဲခန့် တရားပြဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလ၌ဆရာတော်သည် ဒါယကာ ဒါယိကာမများ တည်ထောင်လှူဒါန်းသောချမ်းမြေ့ရိပ်သာကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးလျက် တရားဟော တရားပြခြင်း ပဋိပတ်လုပ်ငန်းနှင့်စာပေပို့ချခြင်း ပရိယတ်လုပ်ငန်းနှစ်ရပ်ကိုဆောင်ရွက်ပြီး ချမ်းမြေ့ရိပ်သာဆရာတော်ဟု ကျော်ကြားလားကာ ဆရာတော်သည် ၁၉၇၈ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ်များ၌ သာသနာရေးဦးစီးဌာန၏ လျှောက်ထားချက်အရ အသိအမြင်မှန်မှ ချမ်းသာရတရားတော်၊ သိပယ်ဆိုက်ပွား တရားတော်၊ဗုဒ္ဓနည်းကျချမ်းသာစွာနေထိုင်နည်း တရားတော်တို့ကိုရေဒီယိုမှ အသံလွှင့်ဟောကြားခဲ့သည်။

ဆရာတော်သည် ချမ်းမြေ့ ရိပ်သာ စတင်တည်ထောင်သည့် နှစ်မှစ၍ပြည်တွင်း ပြည်ပ ယောဂီများကို လက်ခံလျက်ဝိပဿနာတရား ဟောပြောပြသခဲ့ကာ ၁၉၇၉ ခုနှစ်နှင့် ၁၉၈ဝ ပြည့်နှစ်များတွင် မဟာစည်ဆရာတော်ဘုရားကြီးနှင့်အတူ ပြည်ပ ဓမ္မခရီး စတင်ထွက်ခဲ့၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူခဲ့သည်။

ချမ်းမြေ့ ရိပ်သာ ဆရာတော်ကြီး သည် မြန်မာနိုင်ငံအတွင်း ဟင်္သာတ၊ မှော်ဘီ၊ ပြင်ဦးလွင်၊ တောင်ကြီး၊ လယ်ဝေး၊ တမူး၊ အောင်ပန်းမြို့တွင်လည်းကောင်း၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ချမ်းမြေ့ရိပ်သာကျောင်းခွဲများကိုထူထောင်ပြီး တရားအားထုတ်သည့် ပြည်တွင်း ပြည်ပ ယောဂီများအား သတိပဋ္ဌာန်ဝိပသနာတရားပြသလျက်ရှိကာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဥရောပ၊ အာဖရိက၊ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့တွင်လည်း ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် သာသနာပြုအဖွဲ့များနှင့် တရားစခန်းစင်တာများ ဖွဲ့စည်းထားသည်။

ချမ်းမြေ့ ရိပ်သာ ဆရာတော်ကြီး အား နိုင်ငံတော်အစိုးရက ၁၉၉၃ ခုနှစ်တွင် မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

မူရင်းသတင်း — Eleven Media Group