
လာချိဒ် ၊လော်ဝေါ်နှင့် လီဆူ တိုင်းရင်းသားများ အမည်မှန် ရရှိရန် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် တင်ပြ မည်ဖြစ်ကြောင်း ကချင်ပြည်နယ် လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး ဦးလီပေါ်ရဲ့ က The Daily Eleven သတင်းစာကို ပြောကြားသည်။
လော်ဝေါ်၊ လီဆူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများက အမည်မှန်ရရှိရေးကိစ္စရပ်ကို လွှတ်တော်လမ်းကြောင်းသို့ တင်ပြအတည်ပြုရန် စည်းဝေးဆုံးဖြတ်ပြီးနောက် စက်တင်ဘာ ၁၆ ရက်တွင် လာချိဒ် တိုင်းရင်းသားများကလည်း ၎င်းတို့ အမည်မှန် ရရှိရေးအတွက် မြစ်ကြီးနားမြို့ လာချိဒ် စာပေနှင့်ရိုးရာယဉ်ကျေးမှု ကော်မတီ ရုံးတွင် တွေ့ဆုံ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လာချိဒ် တိုင်းရင်းသားများကို နိုင်ငံတော်စာရင်းတွင် ငေါ့ချမ်း၊ လာချစ်၊လချိဒ်၊လာချိတ်၊ လရှီ စသည်ဖြင့်ခေါ်ဝေါ်နေမှုများကို ဖယ်ရှားကာ တရားဝင် ''လာချိဒ်''အမည် သတ်မှတ်ရေးကို မြစ်ကြီးနားမြို့တွင် နယ်ဒေသအသီးသီးက လာချိဒ် တိုင်းရင်းသားများစုဝေးကာ အတည်ပြုခဲ့ပြီး လာချိဒ် ရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးလဘောင်ဇုန်းဘောင်က ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို အစည်းအဝေးဆုံးဖြတ်ချက်အား တင်ပြခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက '' လာချိဒ်ကို ဂျိန်းဖော တိုင်းရင်းသားတွေကမရူ ဆိုပြီးခေါ်တာပေါ့။ သူတို့အချင်းချင်း သတ်မှတ်ချက်က လာချိဒ်ပါပဲ။ အရင်အခ ုအတူတူပဲ။ ငေါ့ချမ်းကြတော့ ကွဲသွားတဲ့ အမျိုးတွေပဲ။ ဘာသာစကားက ၈၀ ရာခိုင်နှုန်းကျော်လောက် တူတယ်။ တောင်ပေါ်ဒေသ ဆိုတော့ အနေဝေးသွားတော့ ဘာသာစကားတွေက အလေးအပေါ့။ စကားလုံးအသစ်တွေ ကွဲသွားတာ။ အမျိုးကတော့ အတူတူပဲ။ အဲတော့ သူတို့ကလည်း လာချိဒ်ပဲ သတ်မှတ်ပေးကြဖို့ ခေါင်းဆောင်တွေ အားလုံးက မှတ်ချက်ပေးကြတယ်။ မှတ်ပုံတင်မှာတော့ နာမည်မှားတာတွေရောထွေးနေတာတွေ ပြဿနာတွေက စုံနေတာ''ဟု ပြောကြားသည်။
ထိုသို့ လာချိဒ်တိုင်းရင်းသားများ၏တင်ပြမှုအပေါ် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကူညီဆောင်ရွက်ပေးရန် ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။
လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး လီပေါ်ရဲ့က'' ကျွန်တော်တို့ တိုင်းရင်းသား ယဉ်ကျေးမှု ကော်မတီတွေက တိုင်းရင်းသားတွေရဲ့နာမည်အမှန်ကို အတည်တကျ ဖြစ်ဖို့ အစဉ်မပြတ်လုပ်နေတာပေါ့။ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ ပြည်ထောင်စုလွှတ်တော်နာယကကိုတွေ့ပြီး တင်ပြတော့ အရှုပ်အထွေးနည်းတဲ့ ကချင်ပြည်နယ်က လဝေါ်၊လီဆူ၊ လာချိဒ် စတဲ့ တိုင်းရင်းသားတွေကို အဖြစ်နိုင်ဆုံးလို့ ပြန်ဖြေတယ်။ ဥပဒေ၊နည်းဥပဒေတွေနှင့် မူကိုးချက်ချခဲ့တယ်။လော်ဝေါ်၊လီဆူကတော့ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ အသီးသီးကစည်းဝေးကြတယ်။ ပြည်နယ် ဝန်ကြီးချုပ်ကလည်း ဒီကိစ္စကို ကူညီတယ်။ ပံ့ပိုးတယ်။ဒါတွေကို အချက်အလက်တွေ တင်ပြချက်တွေ စည်းဝေးဆုံးဖြတ်ချက်တွေကို ယူဆောင်ပြီး ပြည်နယ်လွှတ်တော်မှာ တင်ပြမယ်။ အဲဒါကို ပြည်ထောင်စု လွှတ်တော်မှာ တင်မယ်။ ရလဒ်ကို နိုင်ငံတော် သမ္မတ ထံကိုတင်ပြပြီး အတည်ပြုမှာပေါ့။ တစ်နိုင်ငံလုံးမှာလည်း ဒီသုံးမျိုးက စသတ်မှတ်ဖို့ရှိတယ်။အခု တိုင်းရင်းသားတွေက အခေါ်ကွဲတာ ခံယူချက်က မကွဲကြဘူး''ဟု ပြောကြားသည်။
၂၀၁၅-၂၀၂၀ အစိုးရ လက်ထက်တွင်လည်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ချင်းတိုင်းရင်းသားများ၏ ကွဲပြား အငြင်းပွားနေသည့် ချင်းမျိုးနွယ်စုများ အရေးကို ကော်မတီဖွဲ့စည်းကာစုံစမ်း စစ်တမ်းကောက်ယူခြင်း၊ ကွင်းဆင်းကောက်ယူခြင်း၊မှတ်တမ်းပြုခြင်းများ ပြုလုပ်ခဲ့သော်လည်း အမည်နာမများ ကွဲပြားမှုကို ပေါင်းစည်းနိုင်ရေးမှာ အငြင်းပွားမှုများ ရှိခဲ့သောကြောင့် ရပ်းနားထားခဲ့ရသည်။
၁၉၅၅ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တရားရေးဝန်ကြီးဌာန ရွေးကောက်ပွဲ ဌာနခွဲမှ ထုတ်ပြန်သည့်အထူးအမိန့်ပြန်တမ်းတွင် ဂျင်းဖော့၊ အဇီး၊ လရှီ၊ မရူ၊ ယောရင်(လီဆော)၊ နုံ(ခနုံ-ရဝမ်)တို့ကို ကချင်လူမျိုးတွင် အပါအဝင်ဖြစ်သည်ဟူ၍ ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲ ၊ဥပဒေ ပုဒ်မ ၂၊အပိုဒ် (ဂ)အရ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာချက်ကို အတည်ယူရန် ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌဖြစ်သူ ဦးဆွမ်ဒူနော်အောင်က ၂၀၂၀ ပြည့်နှစ် အကြိမ် ၂၀ မြောက် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။
၂၀၂၀-၂၁ ခုနှစ် ပညာသင်နှစ်တွင် ပြဋ္ဌာန်းထားသည့် ပထဝီဝင်စာအုပ်တွင်ပါဝင်သည့် ကချင်တိုင်း ရင်းသားလူမျိုးများနှင့်ပတ်သက်၍ နာမည်လွဲမှားနေမှုများကို စာပေယဉ်ကျေးမှုများကို လွှတ်တော်ကော်မတီသို့ ခေါ်ယူစည်းဝေးဆုံးဖြတ်ကာ လော်ဝေါ်ကို လောဂီ၊ ဒူလင်ကို ဒုရင်၊ လီဆူကို လီဆူး၊ လာချိဒ်ကို လာချစ် စသည့်အသုံးအနှုန်းများကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ကချင်မျိုးနွယ်စုဝင် လူမျိုးစုများ၏ တိကျမှန်ကန်သော မျိုးနွယ်စု အမည်စာရင်းများကို စီစစ်အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို ကို ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်ကချင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။
ကချင်မျိုးနွယ်စုအချင်းချင်းတွင် မျိုးနွယ်ခြောက်ခုသာ လက်ခံကျင့်သုံးနေသော်လည်း အစိုးရစာရင်းများတွင် (၆)မျိုး၊ (၈)မျိုး၊ (၁၂)မျိုးအထိ အသီးသီးရှိနေသဖြင့် ယခုအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းစဉ်က ပြောကြားမှုများအရ သိရသည်။
ကချင်မျိုးနွယ်စုဝင်လူမျိုးစုများ၏ အမည်များ တိကျစွာပြဋ္ဌာန်းထားမှုမရှိခြင်း၊ မျိုးနွယ်စုအမည်စာရင်းများနှင့် လူမျိုးအမည်များမှာ နိုင်ငံတော် စီစစ်ရေးကဒ်ပြား မှတ်ပုံတင်များတွင် ရှူပ်ထွေးနေခြင်း၊နိုင်ငံတော်မှ ထုတ်ပြန်ရာတွင် လူမျိုးနှင့် မျိုးနွယ်စုအမည်များ ဝေါဟာရ ရောထွေးနေခြင်း၊ ကချင်ပြည်နယ်တွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသားများ ငါးမျိုးတွင်လည်း အမည်ကွဲများ ရှိနေခြင်း စသည့် ကိစ္စရပ်များမှာ အငြင်းပွားနေဆဲဖြစ်သည်။
ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီက ကချင်ပြည်နယ်တွင်း တိုင်းရင်းသားပြဿနာများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းရေးမရရှိပဲ ဖြေရှင်းပါက ပိုမိုရှူပ်ထွေးမှု့ကိုသာ ဖြစ်စေနိုင်ပြီး ငြိမ်းချမ်းရေးရရှိပြီး ဥပဒေဘောင်အတွင်း တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းမှသာလျှင် ပြေလည်မှု ရရှိနိုင်မည်ကြောင်း ပြောကြားထားသည်။