Eleven Media Group

■ တရုတ်မှတင်သွင်းသည့် တရားမဝင်မျက်ကပ်မှန်၊ ဗီတာမင်နှင့် အလှကုန်များ စမွတ်ပရာကန်တွင် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖလီခရိုင်ရှိ ကုန်လှောင်ရုံတစ်ခုကို အာဏာပိုင်များက စက်တင်ဘာ ၁၈ ရက်တွင် ဝင်ရောက်စစ်ဆေးရာ တရားမဝင်မျက်ကပ်မှန်၊ ဗီတာမင်ထုတ်ကုန်နှင့် အလှကုန်ပစ္စည်း စုစုပေါင်း ၁၃၂,၇၂၀ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများ၏တန်ဖိုးမှာ ဘတ် ၄ ဒသမ ၇၄ သန်းခန့်ရှိကာ မှတ်ပုံတင်ထားခြင်းမရှိသည့် မျက်ကပ်မှန် ၁၁၇,၈၃၉ ခု၊ ဆေးဝါးအဖြစ် မှတ်ပုံတင်ထားခြင်းမရှိသည့် ဗီတာမင်ထုတ်ကုန် ၅၉၂ ခုနှင့် မှတ်ပုံတင်နံပါတ်မပါရှိခြင်း သို့မဟုတ် ထိုင်းဘာသာဖြင့် အညွှန်းစာမပါရှိသည့် အလှကုန်ပစ္စည်း ၁၄,၂၈၉ ခု ပါဝင်သည်။

အဆိုပါပစ္စည်းများကို တရုတ်နိုင်ငံမှ တင်သွင်းလာပြီး ထိုင်းနိုင်ငံအတွင်း အွန်လိုင်းမှရောင်းချ​ခြင်းဖြစ်သည်။

ကုန်လှောင်ရုံကိုကြီးကြပ်သူ တရုတ်နိုင်ငံသားမန်နေဂျာက ထိုလုပ်ငန်းကို လည်ပတ်လာသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ပြီး ထိုင်းဖောက်သည်များထံ တစ်ရက်လျှင် ပစ္စည်း ၃,၀၀၀ ခန့် ရောင်းရသည်ဟု အာဏာပိုင်များထံထွက်ဆိုခဲ့သည်။

စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ကုန်လှောင်ရုံကြီးကြပ်သူကို ခွင့်ပြုချက်မရှိဘဲ ဆေးပစ္စည်းများနှင့် ဆေးဝါးများရောင်းချမှု၊ မှတ်ပုံတင်မထားသည့် ဆေးဝါးနှင့်အလှကုန်များ ရောင်းချမှုတို့ဖြင့် အမှုဖွင့်ထားသည်။

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကလည်း စိတ်မချရသည့် နေရာများမှ ဝင်ရောက်လာသည့် မျက်ကပ်မှန်များသည် မျက်စိပိုးဝင်ခြင်းနှင့် မျက်စိထိခိုက်ပျက်စီးခြင်းများ ဖြစ်စေနိုင်သည်ဟု သတိပေးထားသည်။

■ Ref: Thai Enquirer

မူရင်းသတင်း — Eleven Media Group