Eleven Media Group

■ သီပေါ သီတဂူစက္ခုဒါန ဆေးရုံ (၅၇) ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှု အစီအစဉ်တွင် မျက်စိဝေဒနာရှင် ၄၂၈ ဦးကို  အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့

ရှမ်းပြည်နယ် သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၇ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၉၃၇ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၄၂၈ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည် ။

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၅၇ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို စက်တင်ဘာလ ၁၄ ရက်မှ ၁၈ ရက်ထိ ဖွင့်လှစ်ကုသသွားရန် စီစဉ်ထားသော်လည်း အနယ်နယ်အရပ်ရပ်မှ ကုသရန် ကြိုတင်လာရောက် စောင့်ဆိုင်းသူများအရ အစီအစဉ်ကို တစ်ရက်စော၍ စက်တင်ဘာလ ၁၃ ရက်နေ့မှစတင် ဖွင့်လှစ်ကုသပေးခဲ့ကြောင်း သိရှိရသည် ။

" အခုအကြိမ်မှာလည်း အစီအစဉ်ကို ကြိုတင်ကြေငြာထားတာထက် တစ်ရက်စောပြီး ကုသပေးခဲ့ရတယ် ။

စက်တင်ဘာ ၁၄-ရက်နေ့ ဖွင့်ကုမယ်လို့ ကြော်ငြာထားပေမဲ့ အဝေးကမျက်စိလူနာတွေ ၁၂-ရက်နေ့ထဲက လာအိပ်ပြီးစောင့်ကြတာမို့ သူတို့ကိုငဲ့ပြီး ဒီနေ့ ၁၃-ရက်နေ့မှာ စပြီး စမ်းသပ်ပေးပါတယ်။ လာကုရတဲ့သူတွေလည်း ခက်ခဲကြသလို ခက်ခက်ခဲခဲလုပ်ရတာပါ ။ အားလုံးအတွက် အဆင်ပြေရင် ကျေနပ်ပါတယ် " ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ရှိ သီတဂူစက္ခု ဒါန ဆေးရုံမှာ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ၄ လတစ်ကြိမ် မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိပြီး
မျက်စိလာရောက်ကုသသူများမှာ ရှမ်းပြည်နယ်အတွင်းရှိ သိန္ဒီ ၊ ကွတ်ခိုင် ၊ နမ့်စန် စသည့် ဒေသများအပြင် ပုဂံညောင်ဦး ၊ ရေစကြို ၊ ပခုက္ကူ စသည့် မြေပြန့်ဒေသများမှလည်း လာရောက်ကုသမှုများ ရှိခဲ့ကြောင်း သိရသည် ။

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၁ ကြိမ်မှ ၅၇ ကြိမ်အထိ ၁၇-နှစ်အတွင်း မျက်စိလူနာပေါင်း ၃၉၅၁၈ ဦး စမ်းသပ်စစ်ဆေးပေးပြီး မျက်စိလူနာပေါင်း ၁၀၂၉၂ -ဦးကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရှိရသည် ။

မူရင်းသတင်း — Eleven Media Group