Eleven Media Group

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အမျိုးသမီးငယ် နှစ်ဦးအား ဖြားယောင်းခေါ်ဆောင်ပြီး တစ်ဦးကို အဓမ္မပြုကျင့်ကာ ငွေခြောက်လှန့်တောင်းသူ အမျိုးသား တစ်ဦးကို ဖမ်းဆီး

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အမျိုးသမီးငယ် နှစ်ဦးအား ဖြားယောင်းခေါ်ဆောင်ပြီး တစ်ဦးကို အဓမ္မပြုကျင့်ကာ ငွေခြောက်လှန့်တောင်းသူ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေ မxxxx (၁၆)နှစ် သည် သူငယ်ချင်းဖြစ်သူ မxxxx (၁၈)နှစ်နှင့်အတူ City Mall သို့ Hot Pot သွားစားမည်ဟုပြောဆိုကာ နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် မိခင်ဖြစ်သူမှ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းသို့ ကူညီစုံစမ်းပေးနိုင်ပါရန် သတင်းပေးပို့ချက်အရ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ် နှစ်ဦးအား ရှာဖွေတွေ့ရှိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ် နှစ်ဦးအား ရှာဖွေကယ်တင်နိုင်ရေး ဆောင်ရွက်နေစဉ် စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းရှိ “တို့အင်းလေး” လက်ဖက်ရည်ဆိုင်အနီး၌ မxxxx (၁၈)နှစ်အားလည်းကောင်း၊ စက်တင်ဘာ ၁၇ ရက် နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းရှိ Capital ဆိုင်အနီး၌ မxxxx(၁၆)နှစ်အားလည်းကောင်း မိဘများက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ် နှစ်ဦးတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးသည် စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် City Mall ၌ Hot Pot စားပြီး နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဆရာစံလမ်းအရောက်၌ အမည်မသိ အမျိုးသား တစ်ဦး မောင်းနှင်လာသည့် PRADO အမျိုးအစား ခဲရောင်ယာဉ် တစ်စီးမှာ ၎င်းတို့အနီး ရပ်တန့်ကာ ၎င်းအမျိုးသားမှ အသက်အရွယ်နှင့် ဘယ်ကပြန်လာကြောင်း မေးမြန်းသဖြင့် အသက်အရွယ်များအား ပြန်လည်ပြောကြားခဲ့ရာ အဆိုပါအမျိုးသားမှ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များဖြစ်၍ နေအိမ်သို့ လိုက်ပို့ပေးမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုသဖြင့် ၎င်းတို့ နှစ်ဦးသည် အဆိုပါယာဉ်ဖြင့် လိုက်ပါခဲ့ကြောင်း၊ ၎င်းအမျိုးသားသည် မော်တော်ယာဉ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း ပတ်၍မောင်းနေခဲ့ပြီး နာရီဝက်ခန့်အကြာတွင် မxxxx(၁၈)နှစ်နှင့် မxxxx(၁၆)နှစ်တို့ နှစ်ဦးအား အသင့်ပါလာသော သေနတ်၊ ဓားတို့ပြ၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ တစ်ယောက်လျှင် ငွေ ငါးသိန်းကျပ်ဖြင့် ငွေ ၁၀ သိန်းကျပ်ပေးရမည်ဖြစ်ကြောင်း၊ ငွေလက်ခံ ရရှိပါက ပြန်လည်ပို့ပေးမည်ဖြစ်ကြောင်း မိဘများထံဖုန်းဖြင့် ဆက်သွယ်၍ ခြိမ်းခြောက်ပြောဆိုကာ မxxxx(၁၈)နှစ်အား ယင်းနေ့ ည ၁၁ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း “တို့အင်းလေး” လက်ဖက်ရည်ဆိုင်အနီး၌ ချထားပေးခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသားသည် မxxxx(၁၆)နှစ်အား မော်တော်ယာဉ်ဖြင့် ဆက်လက်ခေါ်ဆောင်သွားကာ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များအတွင်း မော်တော်ယာဉ်အား ပတ်၍ မောင်းနှင်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ လမ်းတစ်နေရာအရောက်၌ ယာဉ်အားရပ်တန့်ကာ အမျိုးသမီးငယ်အား ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မ တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ အမျိုးသမီးငယ်၏ မိဘများထံမှ ငွေ ၁၀ သိန်းကျပ်အား KBZ Pay မှတစ်ဆင့် လက်ခံရယူပြီးနောက် တောင်ဥက္ကလာပမြို့နယ်၊ လမ်းတစ်နေရာ၌ အဓမ္မ တစ်ကြိမ် ထပ်မံပြုကျင့်ကာ စက်တင်ဘာ ၁၇ ရက် နံနက် ၄ နာရီခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ Capital ဆိုင်အနီး၌ အမျိုးသမီးငယ်အား ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၈၉၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၃၇၆ ဖြင့် အမှုရေးဖွင့်ပြီး တရားခံအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် တရားခံ သီဟအောင်(၂၈)နှစ် အား အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ၄/ တောင်လမ်းပေါ်၌ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် YGN-9 3J-5625 TOYOTA PRADO အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ ZTE အမျိုးအစား ဖုန်း တစ်လုံး၊ Hangun စာတန်းပါ ကော်သေနတ် တစ်လက်၊ အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ Redmi Note 15 Pro ဖုန်း တစ်လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group