Eleven Media Group

မြန်မာအာဏာပိုင်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အစုအဖွဲ့အားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောကြား

မြန်မာအာဏာပိုင်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အစုအဖွဲ့အားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလို လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် အမေရိကန်ကြား အရေးအပါဆုံး ထိတွေ့ဆက်ဆံမှုတစ်ခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် အမေရိကန်ကြား နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုသောအားဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်နှင့် အမေရိကန် ရေတပ်စစ်သားဟောင်းဖြစ်သည့် ကက်စတီလိုကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း မြန်မာဘက်က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံတွင် သံတမန်ရေးအရ ဆက်လက် အခြေစိုက်ထားပြီး အမေရိကန်၏ အကျိုးစီးပွားများကို အကျိုးသက်ရောက်မှုရှိစေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး နေပြည်တော်မှ အာဏာပိုင်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အစုအဖွဲ့အားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

နေပြည်တော်မှ အာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံမှုတွင် အမေရိကန်အနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အခြေအနေများ ဖန်တီးပေးရေး ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းအဖြစ် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ပြုရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဆက်လက်ပြီးလည်း ထုတ်ဖော်ပြောကြားသွားမည် ဖြစ်ကြောင်း အမည်မဖော်ပြထားသော အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် မည်သူများ ပါဝင်သည် သို့မဟုတ် မည်သူများနှင့် တွေ့ဆုံခဲ့သည်ဆိုသည့် အချက်ကိုမူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group