Eleven Media Group

ရုရှားက နေတိုး(NATO)  အဖွဲ့အား စစ်မကြေညာဘဲ စစ်တိုက်နေသည်ဟု CNN သတင်းဌာနက သုံးသပ်ဖော်ပြ

ရုရှားက North Atlantic Treaty Organization (NATO) အဖွဲ့ အား စစ်မကြေညာဘဲ စစ်တိုက်နေသည့်ပုံစံဖြင့် ရန်စမှုများ နေ့စဉ်တိုး၍ လုပ်‌နေသည်ဟု CNN သတင်းဌာန သုံးသပ်ဖော်ပြခဲ့သည်။

ရုရှားက ဥရောပကိုတိုက်ခိုက်မှုများ ပိုလုပ်လာခြင်းက အမြီးအမောက်မတည့် ဖော်ဆောင်ထားသော မဟာဗျူဟာဖြစ်သည်။

ဥရောပကို ရုရှား၏ တိုက်ခိုက်မှုများသည်စစ်ပွဲကိုမစတင်ဘဲ စစ်ပွဲနှင့်ပိုနီးကပ်လာသည်ဟု ခံစားရစေရန် ရည်ရွယ်သည်။ အင်းနှင့်အားနှင့်တုံ့ပြန်ရခြင်းမျိုးမရှိဘဲ ရန်စရန် ရည်ရွယ်သည်။ အပြုအမူတို့အစစ် အမှန်ပြောင်းလဲစေခြင်းမရှိ‌ဘဲသတိပေးရန်ရည်ရွယ်သည်။

မော်စကိုက လွန်ခဲ့သော အပတ်တွင် နေတိုးနှင့်၎င်း၏'မီးခိုးရောင်ဇုန်'ပဋိပက္ခကို သိသိသာသာ အရှိန်မြင့်တက်လာအောင်လုပ်ဆောင်နေသည်။ စက်တင်ဘာ ၁၃ ရက် နှောင်းပိုင်းကတည်းက အနောက် နိုင်ငံ ထိပ်တန်းတာဝန်ရှိသူများ အသုံးပြုသော ရထားလမ်းကို ရုရှားဒရုန်းက တိုက်ခိုက်ခဲ့သည့်။ ရုရှားမှပင်လာပုံရသည့် နောက်ထပ်ဒရုန်းတစ်စင်းကို လစ်သူရေးနီးယားနိုင်ငံတွင်ပစ်ချခဲ့သည်။ တတိယမြောက်ဒရုန်းတစ်စင်းသည်ပိုလန်ကမ်းခြေပေါ်တွင်တင်နေခဲ့သည်။ဒိန်းမတ်ရဟတ်ယာဉ်မှာရုရှားတိုက်လေ ယာဉ်မှ လွှတ်ထုတ်သောမီးကျည်များ ထိမှန်မည့်အနေအထားမှသီသီလေးလွတ်သွားခဲ့သည်။ လက်သည်မပေါ်သည့် အဖျက်အမှောက်လုပ်ရပ်ကြောင့် နယ်သာလန်ရထားတို့ မခုတ်မောင်းနိုင်ဖြစ်ခဲ့ရသည်။

ထိုအရာတို့သည် မတော်တဆဖြစ်လာသည်မဟုတ်ပါ။ သတိပေးမှုများကိုသတင်းပတ်များစွာလုပ်ခဲ့ပြီးနောက်ဖြစ်ပေါ်လာသောအရာများသာဖြစ်သည်။ သမိုင်းတွင်အကြီးဆုံးရေးမဟာမိတ်အဖွဲ့နှင့် မီးကုန် ယမ်းကုန်ပဋိပက္ခကို ဆင်နွှဲရန် ကြိုးပမ်း‌ ခြင်းမဟုတ်နိုင်သော်လည်း မော်စကိုသည် နေတိုးနှင့် ပဋိပက္ခမြင့်တက်လာမည်ကို လိုလားနေပုံရသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရည်မှန်း ချက်နှစ်ခုရှိသည်။ထိုရည်မှန်းချက်များကိုမြန်မြန်အကောင်အထည်ဖော်လိုနေသည်။ သက်တမ်းတစ်ဝက်သာကျန်တော့သည့် ထရန့်အစိုးရက ပူတင်မလိုလားသောအရာကို မလုပ်ချင်ပေ။ ယူကရိန်း၏လေကြောင်းရန်ကာကွယ်ရေးအတွက်အသုံးပြုနေသော ဒုံးခွင်းဒုံးများ ဆိုးဆိုးရွားရွား ပြတ်လပ်နေ သည်။

ပထမရည်ရွယ်ချက်မှာ ရုရှားလိုလားသော လက်ယာယိမ်းပါတီတို့က ဥရောပနိုင်ငံအချို့တွင် မဲဆန္ဒရှင်တို့ထံမှ ပါဝါရရန် အပြင်းအ ထန်ကြိုးပမ်းနေချိန်တွင်ယူကရိန်းကို ပံ့ပိုးနေခြင်း၏စရိတ်စကတို့သည် တကယ်ပင်ကြီးမား နေပြီး တိုး၍လာနေသည်ဟု ဥရောပပြည်သူများ ခံစားရစေရန်ဖြစ်သည်။

ဒုတိယရည်ရွယ်ချက်မှာ နေတိုးအဖွဲ့၏ အခြေခံမူဖြစ်ပြီး ပူတင်မကြိုက်သည့် ဥပဒေအပိုဒ်ခွဲ အမှတ်ငါးကို စမ်းသပ်ရန်ဖြစ်သည်။နေတိုးအဖွဲ့ဝင် တစ်နိုင်ငံတိုက်ခိုက်ခံရခြင်းသည် အခြားအဖွဲ့ဝင်အားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု မှတ်ယူသော ဥပဒေအပိုဒ်ခွဲ အမှတ်ငါးကို စမ်းကြည့်ရန်ဖြစ်သည်။

ယခုဖြစ်နေသောအရာများက နေတိုး၏ ဥပဒေအပိုဒ်ခွဲလေးကို ချိုးဖောက်နေခြင်းဖြစ်သည်။ ဖြစ်ပေါ်လာသော အကျပ်အတည်းအတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူခြင်းကို ဆိုလိုသည်။ နေတိုးအရေး‌ပေါ်
အစည်းအဝေးကို နေ့တိုင်းနီးပါး ခေါ်ယူရသည့်အခြေအနေဖြစ်နေပြီဟုအမည်မဖော်လိုသူ ဥရောပသံတမန်က ပြောသည်။

ရုရှား၏ရည်ရွယ်ချက်မှာ ယူကရိန်းကို ကူညီ၍မရအောင် ဥရောပကို ခြောက်လှန့်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး အခြေအနေပိုဆိုးလာမည်ဟူသော စိုးရိမ်စိတ်များဝင်လာအောင် လုပ်နေခြင်းဖြစ်သည်။
နေတိုး၏ပြဿနာကြီးမှာ အထက်ပါ‌အခြေ အနေတို့သည် ရုရှား၏အမုန်းတရားအမြင့်ဆုံးအနေအထားဖြင့် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ အကဲစမ်းသောအဆင့်မှာပင် ဒုက္ခရောက်နေခြင်းပင်ဖြစ်သည်။

ငြိမ်ချမ်း‌ရေးသဘောတူညီချက်ရရန် အမေရိကန်၏ဖိအားပေးမှု မထိရောက်သဖြင့် သဘောတူညီချက်ရရှိရေးသည် အလှမ်းပိုဝေးနေသည်။ ပူတင်က အရှေ့ပိုင်းဒွန်းဘက်စ်ကို သိမ်းပိုက်ရေးနှင့် နောက်ထပ်ယူကရိန်းနယ်မြေများကို သိမ်းပိုက်ရေးဆိုသည့် ရည်မှန်းချက်ကို ရှင်းလင်းစွာ ချမှတ်ထားသည်။

"ရုရှားကရှေ့တန်းတွင် 'အသားကြိတ်စက်ဆန်ဆန်' စစ်သည်အင်အား အမြောက်အမြားကို အချည်းနှီးအသုံးပြု‌နေရသဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ခံလိုက်ရသော်လည်း ကရင်မလင်၏စစ်ဘက်ဆိုင်ရာစက်မှုကုန်ထုတ်လုပ်ငန်းများကအသာစီးရစေမည့် နည်းလမ်းသစ်များကို ဖန်တီးပေးနေသည်။

၎င်းမှာ ရန်သူများ တားဆီးရန်ခက်ခဲပြီး၊ ကုန်ကျစရိတ်မများစေဘဲ အရေအတွက်များများထုတ်လုပ်နိုင်သည့်ထိရောက်သောလေကြောင်းတိုက်ခိုက်မှု စွမ်းရည်ဖြစ်သော ဒရုန်းနှင့် ဒုံးကျည်များဖြစ်သည်။
ရုရှား၏Geran 4 နှင့် Geran 5 ဒရုန်းတို့သည် တစ်စင်းကို ဒေါ်လာ ၇၀,၀၀၀ ခန့်ကုန်ကျသည်။ ဒေါ်လာ ၄၀,၀၀၀ ခန့်ကုန်ကျသောတရုတ်ထုတ်တာဘိုဂျက်အင်ဂျင်များကို အသုံးပြုထားသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြားသည်။

ရုရှား၏ Banderol ခရုဇ်ဒုံးကျည်က တစ်နာရီ ၃၇၅ မိုင်ရှိသော အရှိန်ဖြင့်သွားနိုင်သည်။ ကုန်ကျစရိတ် ဒေါ်လာ ၁၀၀,၀၀၀ သာရှိသည်။

ထိုလက်နက်တို့သည်ကား ထိရောက်မှု သို့မဟုတ် တိကျမှု မရှိသည့်တိုင် ဈေးပေါပေါဖြင့် များများ ထုတ်နိုင်သည်။ ယခုသော် Alabuga ဒရုန်းစက်ရုံက ရှေ့တန်းကိုများများ ပို့နိုင်သောဒရုန်းများကို ထုတ်လုပ်နေသည်။
​ယူကရိန်းနှင့် ရုရှားတို့၏ စစ်မြေပြင် ထောက်လှမ်းရေးနှင့် တိုက်ခိုက်မှုများတွင် စတုတ္ထမျိုးဆက် AI နည်းပညာအသုံးပြုမှုသည် သတင်းများ၌ လူစိတ်ဝင်စားမှု ပိုမိုရရှိသော်လည်း၊ ကုန်ထုတ်လုပ်မှု၊ ထောက်ပို့ကွင်းဆက်များ၊ စစ်ရေးဆိုင်ရာမဟာဗျူ ဟာများနှင့် မူဝါဒများကိုလိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်စွမ်းသည် စစ်ပွဲဗျူဟာ ၏အရေးပါသောအစိတ်အပိုင်းဖြစ်သည်ဟု လန်ဒန် King’s College ကစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမာရီနာမိုင်ရွန်က ပြောကြားခဲ့သည်။

​ထို့အပြင် ရန်သူဘက်က နည်းပညာအသစ်များကို တားဆီးရန် တုံ့ပြန်မှုများ မဖန်တီးမီ စစ်ပွဲတွင် အသာစီးရ‌ရန်အချိန်တိုအတွင်း နှစ်ဖက်စလုံးကနည်းပညာနှင့် ဗျူဟာများကို ပုံစံသစ်များဖြင့် လျင်မြန်စွာ ပြုပြင်ပြောင်းလဲ တီထွင်နေကြကြောင်းလည်း သူက ရှင်းပြသည်။အကြီးတန်း ဥရောပအရာရှိတစ်ဦး၏ ပြောကြားချက်အရ ခန့်မှန်းရခက်သည့် စစ်ရေးအရှိန်မြှင့်တင်မှုများတွင် ရုရှားတို့၏စိတ်ဓာတ်နှင့် ခင်းကျင်းပုံမှာနေတိုးထက် ပိုမို အလိုက် သင့် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်ဟုဆို သည်။

ရုရှားသည် ဆိုဗီယက်ခေတ်ကတည်းက အင်အားသုံးစွဲမှုနှင့် ရန်လိုမှုများကို အခြေအနေအလိုက် လိုက်လျောညီထွေထိန်းညှိသည့် သီအိုရီများကို ပိုင်နိုင်စွာ ကျင့်သုံးခဲ့သော်လည်း နေတိုးအတွက်မူ ယခုကဲ့သို့ စစ်ရေးတင်းမာမှုကို ထိန်းကျောင်းသည့် နည်းလမ်းမှာအကြောင်းအရာသစ်ဖြစ်နေ၍‌ နေတိုးသည်လေ့လာသင်ယူစရာများရှိနေသေးသည်။

​အနာဂတ်တွင် မော်စကိုဘက်မှ တွက်ချက်မှု မှားယွင်းခြင်း သို့မဟုတ် စည်းကျော်လွန်ခြင်းများရှိလာပါက နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ရေးအရ အင်အားသုံး တုံ့ပြန်ရန် အကြောင်းဖန်လာလိမ့်မည် ဖြစ်သည်။
ဤသို့ စစ်ရေးအရ ပြင်းထန်စွာ တုံ့ပြန်ခဲ့သည့် သာဓကများမှာ ယခင်ကလည်း ရှိခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်က ဆီးရီးယားတွင် ရုရှား ဝက်ဂနာကြေးစားတပ်များ၏ အမေရိကန်စခန်းများအပေါ် တိုက်ခိုက်မှုကို အမေရိကန်စစ်တပ်က ပြင်းထန်စွာ ပြန်လည်‌ချေမှုန်းခဲ့ဖူးသည်။

​ထို့အပြင် ဥရောပ‌နေတိုးအဖွဲ့ဝင်များ၏ လက်နက်များနှင့် ထောက်လှမ်းရေးအချက်အလက်များဖြင့်ယူကရိန်းကရုရှားက်ုပြန်လည်တိုက်ခိုက်ရာ၌ နေ့စဉ် အထောက်အကူပေးနေသည်ဆိုသောအချက်ကိုလည်း မေ့ထား၍ မရပေ။

ထိုလက်နက်များကို နေတိုးကဝယ်ယူထောက်ပံ့ထားခြင်း ဖြစ်သော်လည်းယူကရိန်းစစ်သားများက ခလုတ်နှိပ် တိုက်ခိုက်နေခြင်း ဖြစ်သည်။သို့သော် ကျူးကျော်သူ ရုရှား၏ ထူးဆန်း သောအမြင်တွင်မူ ၎င်းတို့သည် အထက်ပါ လုပ်ရပ်များကို ပြန်လည်ခုခံတွန်းလှန်နေရခြင်း ဖြစ်သည်ဟုယူဆကောင်း ယူဆနေပေလိမ့်မည်။ရုရှားလုပ်သောအမှားအယွင်းများကို ထိပ်တိုက်ရင်ဆိုင်ရန် နေတိုးစစ်တပ် အသင့်မဖြစ်သေးပါ။ ဥရောပပြည်သူများလည်း အသင့်မဖြစ်သေးပါ။

မူရင်းသတင်း — Eleven Media Group