Eleven Media Group

■ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်ပြီး မြန်မာကျပ်ငွေနှင့် USDT ငွေများ လွှဲပြောင်း သည့် ကုမ္ပဏီလေးခုကို အမည်မည်းစာရင်း ထည့်သွင်း

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်ပြီး မြန်မာကျပ်ငွေနှင့် USDT ငွေများ လွှဲပြောင်း သည့် ကုမ္ပဏီလေးခုကို အမည်မည်းစာရင်း ထည့်သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ကုမ္ပဏီ လေးခုမှာ မရမ်းကုန်းမြို့နယ်ရှိ Grand Myanmar Empire (GME) Co., Ltd.၊ ဒေါပုံမြို့နယ်ရှိ Silverdale Co., Ltd.၊ ဗိုလ်တထောင်မြို့နယ်ရှိ Golden Shah Co., Ltd.နှင့် Kyaw Kyaw Htun Co., Ltd တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီ လေးခုမှ ဒါရိုက်တာများသည် ပြည်ထဲရေးဝန်ကြီးဌာန၏ အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေကြောင်း၊ မြန်မာကျပ်ငွေနှင့် USDT ငွေများ လွှဲပြောင်းသည့် လုပ်ငန်းလုပ်ကိုင်နေကြောင်း အကြောင်းကြားချက်အရ အဆိုပါကုမ္ပဏီ ၄ ခုနှင့် လူပုဂ္ဂိုလ် လေးဦးတို့သည် ကုမ္ပဏီဒါရိုက်တာများအဖြစ် စီးပွားရေးလုပ်ငန်းဆက်လက်ဆောင်ရွက်ရန် မသင့်သူအဖြစ် အမည်မည်းစာရင်း (Black List)တွင် ထည့်သွင်းသတ်မှတ်ထားခြင်းကို သိရှိနိုင်ပါရန် အသိပေးကြေညာအပ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အစိုးရဌာန၊အဖွဲ့အစည်းများမှချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့်နည်းဥပဒေများ လိုက်နာခြင်း မရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေနိုင်ရန် ကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group