
ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာပါခ်တွန်ခွာပြည်နယ်၊ ကိုဟတ်မြို့ ရဲစခန်းဝင်းထဲရှိ ဗလီအနီးတွင် ဖောက်ခွဲရေးပစ္စည်းများ တင်လာသော ယာဉ်ဖြင့် ဗုံးခွဲခဲ့သဖြင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့မှု စက်တင်ဘာ ၁၈ ရက်တွင် ဖြစ်ပွားခဲ့သည်။
ဗုံးဖောက်ခွဲခဲ့ပြီးနောက် အနည်းဆုံး အကြမ်းဖက်သမား ခုနစ်ဦးက ရဲစခန်းဝင်းထဲ စီးနင်းဝင်ရောက်ခဲ့ပြီး ရဲများနှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားကြောင်း Dawn သတင်းဌာနက ဖော်ပြခဲ့သည်။
အသေခံဗုံးခွဲသူ ပါဝင်သော တိုက်ခိုက်ရေးသမားများထဲက ခြောက်ဦးသည် ကနဦး ပစ်ခတ်မှုများတွင်သေဆုံးသွားခဲ့သည်။ နောက်ဆုံးကျန်သော တိုက်ခိုက်ရေးသမားကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
ထိုတိုက်ခိုက်ရေးသမားလည်း နောက်ပိုင်းတွင် သေဆုံးသွားသည်ဟု ဆိုသည်။
ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် လေးနှစ်သားအရွယ် ကလေးတို့ ပါဝင်သည်။
ဒေသတွင်း သတင်းထောက်များက ပြောကြားရာတွင် ယခုတိုက်ခိုက်မှုကို ပါကစ္စတန်တာလီဘန်၏ အဖွဲ့ခွဲဖြစ်သော ဟာဖီဂူးလ်ဘာဟာဒါက လုပ်ဆောင်သည်ဟု ဆိုသည်။
ပါကစ္စတန်ဝာာလီဘန်သည် တင်းကျပ်သောအစ္စလာမ်မစ်ဥပဒေမူကွဲကို ထောက်ခံသော အုပ်စုဖြစ်သည်။
"သူရဲဘောကြောင်တဲ့ အကြမ်းဖက်ဝါဒ လုပ်ရပ်တွေက အမျိုးသားရေးစိတ်ဓာတ် လျော့ပါးသွားအောင် မလုပ်နိုင်ပါဘူး"ဟု ခိုင်ဘာပါခ်တွန်ခွာပြည်နယ် ဝန်ကြီးချုပ် ဆိုဟေးလ်အဖရီဒီက သတင်းထောက်များကို ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ သမ္မတ အဆစ်အလီဇာဒါရီက အကြမ်းဖက်အုပ်စုကို အပြတ်ရှင်းပစ်ရန် တောင်းဆိုခဲ့ပြီး ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သူများ အမြန်ဆုံး ပြန်ကောင်းလာစေရန် ဆန္ဒပြုကြောင်း ပြောကြားခဲ့သည်။
Ref:UPI