
၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တောင်ကြီးမြို့ လောကချမ်းသာ စူဠာမုနိစေတီတော်၊ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံကျောင်းတိုက်နှင့် အေးသာယာဆေးရုံတို့တွင် သုံးနေရာခွဲ၍ စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်မှစ၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြောင်း သိရသည်။
"ဒီနေ့က ၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ အေးသာယာ ဆေးရုံဝင်းအတွင်းမှာရယ်၊ ပြီးတော့ ဒီ ရှစ်လေးလုံး ဘုန်းကြီးကျောင်းအတွင်းမှာရယ်၊ စူဠာမုနိစေတီတော်မှာရယ် လူအင်အား တစ်နေရာကို ၂၀၀ စီခွဲပြီး သန့်ရှင်းရေး ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ သန့်ရှင်းရေးလုပ်တာ ၂ ကြိမ် ၅ နေရာလုပ်တယ်။ လူဦးရေ ၁၀၀ ကျော်နဲ့ သွေးလှူတာလည်း ဆောင်ရွက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တွင်းမှာရှိတဲ့ နမ့်စန်၊ လွိုင်လင်တို့မှာဆိုလည်း နေ့စဉ်နဲ့ အမျှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကြီးအကဲတွေ ချမှတ်ထားတဲ့ လေ့ကျင့်သားပြည့်ဝသော ရဲ ၊ အဂတိကင်းရှင်းသော ရဲ၊ ပြည်သူချစ်သော ရဲဆိုတဲ့ ဦးတည်ချက်ကို မရောက်ရောက်အောင် ဖြည်းဖြည်းချင်း သွားနေပါတယ်။ ပြည်သူတွေကိုလည်း သိစေချင်ပါတယ်"ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဦးစီးအရာရှိ ဒုရဲမှူးကြီး ထင်အောင်လင်းက ပြောကြားသည်။
တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာစေတီတော်ရှိ စောင်းတန်းတစ်လျှောက် သစ်ပင်ခြုံနွယ်များကို ရှင်းလင်းခြင်း၊ ရင်ပြင်တော် ကြွေပြားများကို သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းကလည်း တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ပြုလုပ်ခဲ့ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။