Eleven Media Group

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN ၊ MS NOW နှင့် Politico သတင်းဌာနများကို  အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်သို့ ဝင်ရောက်ခွင့် ပိတ်ပင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

သတင်းမီဒီယာများနှင့် ကာလကြာရှည် ဆက်ဆံရေးတင်းမာခဲ့သည့် အသက် ၈၀ အရွယ် ရီပတ်ဘလစ်ကန် သမ္မတထရန့်က အခြားသော သတင်းဌာနများလည်း အလားတူ အရေးယူမှုနှင့် ကြုံတွေ့ရနိုင်ကြောင်း သတိပေးခဲ့သော်လည်း မည်သည့် သတင်းဌာနများဖြစ်သည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

ထရန့်၏ ယခု လုပ်ဆောင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသဖြင့် တရားရုံးများက ပယ်ချလိမ့်မည်ဟု ‌ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး ပိတ်ပင်ခံရသည့် သတင်းဌာနများကလည်း ၎င်းတို့အနေဖြင့် ဖိနှိပ်မှုကို ဒူးထောက်အရှုံးပေးသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"သတင်းတုတွေကို အစဉ်တစိုက် ထုတ်လွှင့်ဖော်ပြနေမှုတွေကြောင့် CNN၊ MSNOW နဲ့ Politico တို့ကို အိမ်ဖြူတော်ကနေ စတင်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ အသိပေးကြေညာပါတယ်" ဟု ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ထိုကဲ့သို့ အရေးယူပိတ်ပင်ရသည့် အဓိကအကြောင်းအရင်းကို အတိအကျ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိသော်လည်း သတင်းမီဒီယာများအနေဖြင့် အမေရိကန်သမ္မတနှင့်ပတ်သက်ပြီး သတင်းယူချိန်တွင် လုပ်ကြံဖန်တီးချက်များနှင့် မုသားများကို အစဉ်တစိုက် ရေးသားခြင်း သို့မဟုတ် သတင်းထုတ်လွှင့်ခြင်းမျိုး မလုပ်သင့်ကြောင်း ထရန့်က ထပ်လောင်းပြောကြားခဲ့သည်။
"သတင်းတုတွေကို အမြဲတမ်း ရေးသားနေမယ်ဆိုရင် အဲဒီသတင်းမီဒီယာတွေကို အနီးအနား မလာအောင် တားဆီးပိတ်ပင်ပိုင်ခွင့် ဘယ်သူမဆိုမှာ ရှိပါတယ်" ဟု ထရန့်က ဘဲဥပုံရုံးခန်းအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

မည်သည့် သတင်းအချက်အလက် အတိအကျကြောင့် ယခုကဲ့သို့ ပိတ်ပင်လိုက်ရသနည်းဟု မေးမြန်းခဲ့ရာတွင် ၎င်းက "တကယ်တော့ ဒါဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စုပုံလာခဲ့တဲ့ သတင်းတွေကြောင့်ပါ။ဒါတွေက စိတ်ပျက်ဖို့ကောင်းပါတယ်။ သူတို့က အဆိုးမြင်စရာ သတင်းတွေကို တမင်သက်သက် ရေးကြတာပါ။ သူတို့ အဲဒီလိုလုပ်တာဟာ ရီပတ်ဘလစ်ကန်ပါတီနဲ့ ရီပတ်ဘလစ်ကန် အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းသွားအောင် ကြိုးစားချင်လို့ပဲ ဖြစ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်တွင် သတင်းမီဒီယာဆိုင်ရာ တင်းကျပ်သည့် ကန့်သတ်ချက်များကို စတင်ကျင့်သုံးခဲ့သူဖြစ်ပြီး Fox News ရုပ်သံအစီအစဉ် တင်ဆက်သူဟောင်းလည်းဖြစ်သည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က ထရန့်၏ ပိတ်ပင်မှုကို ထောက်ခံခဲ့ပြီး၊ အဆိုပါ သတင်းဌာနများသည် တပ်ဖွဲ့ဝင်များကို အန္တရာယ်ဖြစ်စေခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သောလည်း မည်သည့်သတင်းများဖြစ်သည်ကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ်ကလည်း AP သတင်းဌာနသည် ထရန့်၏ အမိန့်ဒီကရီအတိုင်း အမေရိက ပင်လယ်ကွေ့ (Gulf of America) ဟု မသုံးနှုန်းဘဲ မက္ကဆီကို ပင်လယ်ကွေ့ (Gulf of Mexico) ဟုသာ ဆက်လက်သုံးစွဲရန် ဆုံးဖြတ်ခဲ့သည့်အတွက် ထရန့်က AP သတင်းဌာနအား အခမ်းအနားအချို့ သို့ တက်ရောက်သတင်းယူခွင့် ပိတ်ပင်ခဲ့ဖူးသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group