Eleven Media Group

■ ဆော်ဒီအာရေဗျသို့ အမေရိကန်၏ F-35 တိုက်လေယာဉ်များ ရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေးပြောကြား

အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေဗျသို့ F-35 တိုက်လေယာဉ် ၄၈ စင်းကိုဒေါ်လာ ၂၄ ဒသမ ၃ ဘီလျံဖြင့် ရောင်းချရန် အတည် ပြုလိုက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပြီး အဆိုပါရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေးကပြောကြားခဲ့သည်။

ယခုဝယ်ယူမှုသည်အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီအာရေဗျ၏ နောက်ဆုံး များပြားလှသော လက်နက်ဝယ်ယူမှုတစ်ခုဖြစ်လာခဲ့သည်။

ဆော်ဒီအာရေဗျက ရေဒါရှောင်နိုင်သော F-35 တိုက်လေယာဉ်ကို ဝယ်ယူလိုနေသည်မှာကြာပြီဖြစ်သည်။ လက်ရှိအချိန်တွင်အရှေ့အလယ်ပိုင်း၌ F-35 တိုက်လေ ယာဉ်များကိုပိုင်ဆိုင်ထားသည့်တစ်ခုတည်းသောနိုင်ငံဖြစ်သောအစ္စ‌ရေးနိုင်ငံမှတာဝန်ရှိသူများက ရီးယာ့ဒ်သို့ အမေရိကန်၏ရောင်းချမှုအားစိုးရိမ်ကြောင်းပြောကြားခဲ့သည်။

အစ္စရေးနှင့်ဆော်ဒီတို့ ပုံမှန်ဆက်ဆံရေးများအတွက်ကြိုးပမ်းနေချိန်တွင် F-35 တိုက်လေယာဉ်ကို ဆော်ဒီထံရောင်းချခြင်းအား စိုးရိမ်ကြောင်း အစ္စရေးက ပြောကြားခြင်းဖြစ်သည်။
"အဆိုပြုလိုက်တဲ့ရောင်းချမှုဟာဆော်ဒီအာရေဗျရဲ့ပြည်တွင်းကာကွယ်ရေးကို တောင့်တင်းစေခြင်း၊အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ အချင်းချင်းလုပ်ဆောင်တဲ့စစ်ဆင်ရေးတွေတိုးတက်ကောင်းမွန်စေခြင်းဖြင့် လတ်တလော ခြိမ်းခြောက်မှုတွေနဲ့အနာဂတ်မှာဖြစ်လာမယ့်ခြိမ်း‌‌ခြောက်မှုတွေကိုဟန့်တားဖို့ဆော်ဒီရဲ့စွမ်းရည်ကိုမြင့်မားလာစေပါလိမ့်မယ်"ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"ဆော်ဒီအာရေဗျရဲ့စစ်ဆင်ရေးဆိုင်ရာလေယာဉ်‌တွေ တိုးလာမှာဖြစ်ပြီး အဲဒီလေယာဉ်တွေရဲ့ ဝေဟင်မှဝေဟင်၊ ဝေဟင်မှမြေပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးစွမ်းရည်ကို မြင့်တက်လာစေပါလိမ်မယ်"ဟု ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

တိုက်လေယာဉ် အရောင်းအဝယ်ကိစ္စကိုဝါရှင်တန်မြို့ရှိ ဆော်ဒီသံရုံးက ချီးကျူးလိုက်ပြီး ယင်းသည် အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေးခိုင်မာမှုနှင့်ခိုင်မြဲသော ဆက်ဆံရေး၏သဘောသဘာဝတို့ကို ရောင်ပြန်ဟပ်စေသည်ဟု ဆိုသည်။
Ref:AFP

မူရင်းသတင်း — Eleven Media Group