Eleven Media Group

■ ဂရင်းလန်ကျွန်း၏ လုံခြုံရေးကို အမေရိကန်က ရာသက်ပန် ထိန်းချုပ်ခွင့်ရရှိမည့် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ထရန့် ပြောကြား

ဂရင်းလန်ကျွန်း၏ လုံခြုံရေးကို အမေရိကန်က ရာသက်ပန် ထိန်းချုပ်ခွင့်ရရှိမည့် သဘောတူညီချက်ကို ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ဒိန်းမတ်အစိုးရနှင့် ရရှိခဲ့သည့် အဆိုပါသဘောတူညီချက်အရ အာတိတ်ဒေသရှိ ဂရင်းလန်းနယ်မြေ၌ ရုရှားနှင့် တရုတ်တို့၏ တပ်စခန်းများ လာရောက်စိုက်ထူခြင်းကို တားဆီးနိုင်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် မဟာဗျူဟာမြောက် အကြောင်းရင်းများကြောင့် ဂရင်းလန်းကို အမေရိကန်က ထိန်းချုပ်ရန် လိုအပ်သည်ဟု ထပ်တလဲလဲပြောဆိုခဲ့ပြီး ယင်းသည် NATO မဟာမိတ်ဖြစ်သည့် ဒိန်းမတ်နိုင်ငံကို စိုးရိမ်ထိတ်လန့်စေခဲ့ပြီး မဟာမိတ်နိုင်ငံများ၏ ပြင်းထန်သော ကန့်ကွက်မှုများကိုလည်း ပေါ်ပေါက်စေခဲ့သည်။ယခုအခါတွင် ဂရင်းလန်းကျွန်းအာဏာပိုင်များနှင့် ဒိန်းမတ်အစိုးရတို့က အမရိကန်နှင့် ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်ကို ကြိုဆိုခဲ့ကြပြီး လာမည့်သီတင်းပတ်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လက်မှတ်ရေးထိုးသွားမည်ဟု ပြောကြားခဲ့သည်။

သို့သော် သဘောတူညီချက်၏ စည်းကမ်းချက်များနှင့် ပတ်သက်၍ မရေမရာ ဖြစ်နေဆဲဖြစ်ပြီး ဒိန်းမတ်နိုင်ငံကမူ ၎င်းတို့၏ အချုပ်အခြာအာဏာသည် ပျက်စီးယိုယွင်းခြင်းမရှိဘဲ အပြည့်အဝ ခိုင်မာနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ သဘောတူညီချက်သည် ဒိန်းမတ်ဘုရင့်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အသိအမှတ်ပြုသည့်အပြင် ဂရင်းလန်းပြည်သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုပါ တစ်ပြိုင်နက်တည်း အသိအမှတ်ပြုသည့် သဘောတူညီချက်ဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒိန်းမတ်ဘုရင့်နိုင်ငံ၊ ဂရင်းလန်းတို့နဲ့အတူ ဂရင်းလန်းရဲ့ လုံခြုံရေးနဲ့ အခြားလိုအပ်ချက်အားလုံးအပေါ် အမေရိကန်ကို ရာထိန်းချုပ်ခွင့်ပေးမယ့် သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း ဝမ်း‌မြောက်ဝမ်းသာ ‌ကြေညာအပ်ပါတယ်" ဟု ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။"အခုချိန်ကစပြီး အမေရိကန်ရဲ့ ပြိုင်ဘက်တွေဟာ ကျွန်တော်တို့ရဲ့ အတည်ပြုချက်မပါဘဲ ဂရင်းလန်းမှာ တပ်စခန်းစိုက်ထူတာ၊ စစ်ရေးအရ အခြေစိုက်တာ ဒါမှမဟုတ် ထိလွယ်ရှလွယ်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တာမျိုး လုံးဝဆောင်ရွက်ခွင့် ရတော့မှာ မဟုတ်ပါဘူး" ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

Ref: AFP

#US #greenland #ဂရင်းလန်ကျွန်း #NATO #elevennews

မူရင်းသတင်း — Eleven Media Group