
ဂျပန်နိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ အာရှဂိမ်းပြိုင်ပွဲ၌ တောင်ကိုရီးယားအမျိုးသားဟော်ကီအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မတိုင်မီ တောင်ကိုရီးယားနိုင်ငံတော်သီချင်းအစား မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားယွင်းဖွင့်ခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။
စက်တင်ဘာ ၁၈ ရက်က ဂျပန်နိုင်ငံရှိ ကာကာမီဂဟာရာ ဂရင်း ကွင်းတွင်ကျင်းပသည့် အမျိုးသားဟော်ကီ အုပ်စု(က) ပွဲစဉ်မတိုင်မီ တောင်ကိုရီးယားကစားသမားများက နိုင်ငံတော်သီချင်းကို စောင့်မျှော်နေစဉ် မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားယွင်းထွက်လာခဲ့သည်။
ထိုအခါ ကစားသမားအများစုက မည်သို့တုံ့ပြန်ရမည်ကို မရေမရာဖြစ်ခဲ့ကြပြီး အချို့က ဆံပင်ကို ပွတ်သပ်ကြ၊ အချို့က ညာလက်ကို ရင်ဘတ်တွင် တင်ထားကြသည်။ အမှားကို သိရှိပြီးနောက် ကွင်းတွင်းကြေညာသူက တောင်ကိုရီးယားသမ္မတနိုင်ငံအတွက် သီချင်းမှားဖွင့်မိခဲ့ကြောင်းနှင့် တောင်းပန်ပါကြောင်း ကြေညာခဲ့သည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သီချင်း ဖွင့်ပြီးမှ တောင်ကိုရီးယားနိုင်ငံတော်သီချင်းကို ပြန်ဖွင့်ခဲ့သည်။
ပွဲချိန်စာရင်းအရ ဖိအားရှိနေသဖြင့် ဒိုင်လူကြီးက တောင်ကိုရီးယားနိုင်ငံတော်သီချင်း ဆက်လက်ဖွင့်နေစဉ်မှာပင် ကစားသမားများအား နှုတ်ဆက်ကြရန် ညွှန်ကြားခဲ့သဖြင့် တောင်ကိုရီးယားအသင်းသားများသည် နိုင်ငံတော်သီချင်းကို သီဆိုခွင့်မရဘဲ ပွဲကို စတင်ခဲ့ရသည်။
တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က အဆိုပါဖြစ်ရပ်ကို တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့ပြီး တရားဝင်တောင်းပန်မှုနှင့် ထပ်မံမဖြစ်ပွားစေရန် တောင်းဆိုခဲ့သည်။ စက်တင်ဘာ ၁၈ ရက် ည ၉ နာရီခန့်တွင် အာရှဂိမ်းကျင်းပရေးကော်မတီမှ တာဝန်ရှိသူနှစ်ဦးက တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ရုံးသို့ လာရောက်တောင်းပန်ခဲ့သည်။
■