Eleven Media Group

■ မန္တလေးမြို့တွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရဲတပ်ဖွဲ့နှင့် မိသားစုဝင် ၁၇၁ ဦးတို့က စုပေါင်းသွေးလှူဒါန်း

မန္တလေးမြို့တွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသာအားဖြင့် ရဲတပ်ဖွဲ့နှင့် မိသားစုဝင် ၁၇၁ ဦးတို့က စုပေါင်းသွေးလှူဒါန်းမှုကို စက်တင်ဘာ ၁၉ ရက်တွင် ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ ၇၄ လမ်း × ၇၇ လမ်းကြားရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး (၉) ထပ်ဆောင်တွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ကျော်စိုးဝင်းနှင့် ဇနီး ဒေါ်အိရွှေစင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်ရှိ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တပ်ဖွဲ့ခွဲများမှ အရာရှိများနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သွေးအလှူရှင်တပ်ဖွဲ့ဝင် ၁၄၄ ဦး၊ မိသားစုဝင် ၂၇ ဦး၊ စုစုပေါင်း ၁၇၁ တို့က သွေးလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

သွေးအလှူရှင်များအား ရွိုင်ရယ်ဒီ၊ ကြက်ဥ၊ ပဲနို့၊ ရေသန့်၊ သံဓာတ်အားတိုးဆေးနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း၊ သွေးလှူရှင်များကိုယ်စား သွေးအိတ်များအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ကျော်စိုးဝင်းက ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group