Eleven Media Group

■ ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ်တိုက်မှု ဖြစ်ပွား

■ ပုံစာ - ရန်ကုန် - မော်လမြိုင်ရထားလမ်း သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာ၌ ရထားနှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် ( အကြင်နာတွဲလက် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ (သထုံ))

ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ် တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဘီးလင်းဘူတာမှ သထုံဘူတာသို့ ခုတ်မောင်းလာသည့် (၈၁) အဆန် ရန်ကုန်-မော်လမြိုင်အမြန်ရထားနှင့် ဆင်ဖြူကျေးရွာဘက်မှ ပေါ်တော်မူကျေးရွာဘက်သို့ မျိုးမင်းထိုက် ‌ဆိုသူမောင်းနှင်လာသည့်
Light Trunk ယာဉ်တို့ ရထားသံလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက "Light Truck ယာဉ်က ရထားနဲ့တိုက်မိတဲ့အရှိန်နဲ့ လမ်းဘေးကိုထိုးကျတယ်။ ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးတည်း ပါလာတာပါ။ ထိခိုက်ဒဏ်ရာတွေတော့ ရသွားတယ်" ဟု ပြောကြားသည်။

ရထားနှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ Light Truck ယာဉ်မောင်းအား အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (သထုံ) က လိုအပ်သည့်ကုသပေးမှုများ လုပ်ဆောင်ကာ သထုံခရိုင်ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာကလည်း Light Truck ယာဉ်မောင်းအား ဥပဒေနှင့် အညီအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ်ဘူတာမှ မော်လမြိုင်ဘူတာအထိ ရထားလမ်းပိုင်းတွင် ရထားလမ်းကူး ၁၅၇ နေရာရှိသော်လည်း တရားဝင် ရထားလမ်းကူးမှာ ၁၆ ခုသာရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group