Eleven Media Group

မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အိန္ဒိယတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားကို အိန္ဒိယတရားရုံးက အာမခံ ခွင့်ပြု

မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အိန္ဒိယတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားမက်သရူး ဗန်ဒိုက်ကို အိန္ဒိယတရားရုံးက စက်တင်ဘာ ၁၈ ရက်တွင် အာမခံခွင့်ပြုခဲ့ကြောင်း ၄င်း၏ ရှေ့နေက ‌ပြောကြားခဲ့သည်။

အဆိုပါ အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက်သည် မီဇိုရမ်ပြည်နယ် နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ယူကရိန်းနိုင်ငံသား‌ခြောက်ဦးနှင့်အတူ မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်သင်တန်းပေးရန်အတွက် အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပြန်လည်၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယမီဒီယာများတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ATR-72-600 (XY-AMI) လေယာဉ်အား ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ဗန်ဒိုက်နှင့် ယူကရိန်း နိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ဗဟိုအစိုးရထံမှ လက်ခံရရှိခဲ့သည်ဟု NIA က ပြောကြားခဲ့သည်။

မြစ်ကြီးနားမှ မန္တလေးသို ပြေးဆွဲရန်စီစဉ်ထားသည့် အဆိုပါလေယာဉ်သည် ဒေသစံတော်ချိန် ည ၈ နာရီ ၁၂ မိနစ်တွင် ခရီးသည်များ တင်ဆောင်နေစဉ် FPV kamikaze ဒရုန်း နှစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
အဆိုပါ ဒရုန်းများတွင် RPG အမျိုးအစား ထိပ်ဖူးများ တပ်ဆင်ထားပြီး လေယာဉ်၏ ခေါင်းပိုင်း၊ လေယာဉ်ကိုယ်ထည်နှင့် အမြီးပိုင်းတိုထိခိုက်ပျက်စီးခဲ့သည်။

တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဒရုန်းများကို အမေရိကန်နိုင်ငံသား ဗန်ဒိုက်နှင့် ဆက်နွှယ်နေသည့် အချိတ်အဆက်မှတစ်ဆင့် ဒေသခံလက်နက်ကိုင် အဖွဲအစည်းများထံ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်ဟု NIA က ပြောကြားခဲ့သည်။
သို့သော် အိန္ဒိယ အစိုးရရှေ့နေများက ဗန်ဒိုက်ကို အိန္ဒိယ၏ တင်းကျပ်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခြင်း မပြုခဲ့သည့်အတွက် ၎င်းအနေဖြင့် အာမခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗန်ဒိုက်၏ ရှေ့နေဖြစ်သူ ရိုဟစ် ဒန်ဒရီယယ်လ် က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

"ပြည်ပနိုင်ငံသားများဆိုင်ရာ အက်ဥပဒေနဲ့ ထိန်းသိမ်းထားတာ ရက်ပေါင်း ၁၈၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့အတွက် NIA အနေနဲ့ အာမခံလျှောက်ထားမှုကို ကန့်ကွက်နိုင်ခြင်း မရှိတော့ပါဘူး" ဟု ဒန်ဒရီယယ်လ်က ပြောဆိုခဲ့သည်။
ဖမ်းဆီးခံထားရသည့် ယူကရိန်းနိုင်ငံသား ၆ ဦး၏ လက်ရှိအခြေအနေကိုမူ ချက်ချင်း အတည်မပြုနိုင်သေးပေ။

Ref: The Star/ NDTV

မူရင်းသတင်း — Eleven Media Group