Myanmar National Post

မိုရိယ အိန္ဒိယကလပ်မှ ဦးဆောင်၍ ရန်ကုန်မြို့၌ ဂဏေရှ်ပွဲတော်ကျင်းပ










ရန်ကုန်၊ စက်တင်ဘာ ၂၀

မိုရိယ အိန္ဒိယကလပ်မှ ဦးဆောင်၍ ဂဏေရှ်ပွဲတော် (ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းပွဲတော်) အခမ်းအနားကို ၁၈-၉-၂၀၂၆ ရက်နေ့က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် (Hexagon Complex) ၌ ကျင်းပပြုလုပ်ရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Abahay Thakuri ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဂဏေရှ်ပွဲတော်အား ဆုတောင်းမေတ္တာပို့သကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ဂုဏ်ပြုအမှာစကားပြောကြားရာ “မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား တည်ရှိသည့် ဆက်ဆံရေးသမိုင်းကြောင်းသည် သာမန်ချစ်ကြည်ရေးအဆင့်ထက် ကျော်လွန်ပြီး ပိုမိုနက်ရှိုင်းလှပါကြောင်း၊ ရှေးယခင်ကတည်းက တည်ရှိလာခဲ့သော သမိုင်းဝင်ရင်းနှီးမှု၊ ဘာသာသာသနာနှင့် ယဉ်ကျေးမှုချင်း ဆက်နွှယ်မှု၊ နယ်နိမိတ်ချင်းဆက်စပ်နေမှုနှင့် စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုမှုတို့က နှစ်နိုင်ငံဆက်ဆံရေး၏ ခိုင်မာသော အခြေခံအုတ်မြစ်များ ဖြစ်ကြပါကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအရ လည်း ရှေးယခင်ကတည်းက ခိုင်မာသည့် ဆက်နွှယ်မှုများရှိခဲ့ ကြပါကြောင်း၊ Shri Ganesh (ရှရီဂနေ့ရှ်) ၏ ရုပ်ပုံတော်သည် သာမန်ဘာသာရေး သင်္ကေတတစ်ခုသာမဟုတ်ဘဲ လူသားတို့၏ ဘဝအတွက် ဉာဏ်ပညာ၊ စည်းကမ်း၊ သည်းခံမှု၊ နားထောင်တတ်မှု၊ အာရုံစူးစိုက်မှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုတို့၏ အရေးပါမှုကို သင်ကြားပေးသည့် သင်္ကေတတစ်ရပ်ဖြစ်ပါကြောင်း။ ယနေ့ကျင်းပသည့် Ganesh(ဂနေ့ရှ်) ပွဲတော်သည် မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်များအတွက် ဘာသာရေးနှင့်ယဉ်ကျေးမှု အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းနိုင်သည့် အခမ်းအနားကောင်း တစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုတိုးတက်ခိုင်မာလာပါစေကြောင်း” ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အိန္ဒိယ ယဉ်ကျေးမှုအဖွဲ့များ၏ အဆို၊ အက၊ အတီးများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

 ထို့နောက် ဂဏေရှ်ပွဲတော် တာဝန်ရှိသူ Mr. Shyam Narsaria က ကျေးဇူးတင်စကားပြောကြားသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post