Eleven Media Group

အမြန်လမ်းတွင် ဆိုင်ကယ်အား ကားဖြင့်တိုက်မိပြီး တိုက်မိသောယာဉ်မှ နီးစပ်ရာရဲစခန်းတွင် သတင်းပို့ခဲ့သဖြင့် ဆိုင်ကယ်မောင်းသူအား အမှုဖွင့်အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၂ မိုင် အနီးတွင် စက်တင်ဘာ ၁၉ ရက်နေ့ညပိုင်းက ရုတ်တရက် လမ်းဖြတ်သည့်ဆိုင်ကယ်အား မော်တော်ယာဉ်နှင့် တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်မောင်းသူအား အမြန်လမ်းမကြီးများဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး လိုက်ပါလာသည့် Honda Fit Shuttle ယာဉ်သည် ရန်ကုန်မှ နေပြည်တော်ဘက် (အသွားလမ်း)သို့ မောင်းနှင်လာစဉ် လမ်းမကြီး မိုင်တိုင်အမှတ် ၈၂ မိုင် ၇ ဖာလုံအနီးသို့အရောက် အမျိုးသားနှစ်ဦး စီးနင်းလာပြီး ရုတ်တရက် လမ်းမပေါ်ဖြတ်သည့် DAYAN-110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Honda Fit Shuttle ယာဉ်ပေါ်ပါ လူ ၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ Honda Fit Shuttle ယာဉ်မှ အနီးဆုံးဖြစ်သည့် မြို့ချောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းသို့ သတင်းပို့ခဲ့ပြီး အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မရှိသည့် ဆိုင်ကယ်အား မောင်းနှင်လာသူကို အမြန်လမ်းမကြီးများဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အမြန်လမ်းမကြီးများဥပဒေအရ အမြန်လမ်းမကြီးပေါ်တွင် လမ်းလျှောက်ခြင်း၊ လမ်းဖြတ်ကူးခြင်း၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ သုံးဘီးယာဉ်များ မောင်းနှင်သွားလာခြင်းနှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုးစသည့် တိရစ္ဆာန်များ လွှတ်ကျောင်းခြင်းတို့ကို ခွင့်မပြုထားကြောင်း ၊အဆိုပါ တားမြစ်ထားသည့် လူ၊ ယာဉ်၊ လှည်းနှင့် တိရစ္ဆာန်များကြောင့် အမြန်လမ်းပေါ်တွင် ဥပဒေနှင့်အညီ မောင်းနှင်သွားလာနေသည့် ယာဉ်များ ထိခိုက်နစ်နာမှု ဖြစ်ပွားပါက သက်ဆိုင်ရာ လူ၊ ယာဉ်၊ လှည်းမောင်းသူ၊ လမ်းလျှောက်သူ၊ တိရစ္ဆာန်လွှတ်ကျောင်းသူ သို့မဟုတ် တိရစ္ဆာန်ပိုင်ရှင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။

အလားတူ စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၉/၇ နှင့် ၂၀/၆ ကြား၊ နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်သည့် အပြန်လမ်းတွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး လိုက်ပါလာသည့် NISSAN SERENA Mini Van ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ကာ အရှိန်မထိန်းနိုင်သဖြင့် လမ်းလယ်ကျွန်းရှိ Guard Rail သံလက်ရမ်းများအား ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်း ရေမြောင်းအတွင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း လမ်းလယ်ကျွန်းရှိ Guard Rail သံလက်ရမ်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

မူရင်းသတင်း — Eleven Media Group