
■ မြဝတီရှိ နယ်စပ်ကုန်စည်များ သယ်ယူရေးအတွက် ပြည်တွင်းမြို့များမှ မြဝတီသို့လာရောက်မည့် ကုန်တင်ယာဉ်များ ကုန်မပါဘဲလာ၍ မရခြင်းကြောင့် ကုန်တင်ယာဉ် အခက်အခဲ ဖြစ်ပေါ်ပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးလျက်ရှိဟု ဆို
■ ကုန်သယ်ယာဉ်များတွင် ကုန်ပါအောင် ကျောက်အိတ်၊ သဲအိတ်များ သယ်ယူ လာရသည့်အတွက် အတင်အချ အလုပ်သမားစရိတ် ကုန်ကျနေရဟုဆို
မြဝတီနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်းအနေဖြင့် သွင်းကုန်လိုင်စင်ရရှိထားသော်လည်း သယ်ယူပို့ ဆောင်ရေး အတွက် ကုန်တင်ယာဉ် အခက်အခဲကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခက်ခဲလျက်ရှိကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်များထံမှ သိရသည်။
မြဝတီနယ်စပ်မှ ပြည်တွင်းစျေးကွက် သို့ ကုန်သယ်ပို့ယာဉ် တွဲကားများသည် မြဝတီနယ်စပ်သို့ ကုန်မပါဘဲ ပြန်တက်ခွင့်မပြုခြင်းကြောင့် အခက်ကြုံနေရခြင်းဖြစ်သည် ဟု သိရသည်။
အချို့သော ကုန်သယ်ယာဉ်များသည် မြဝတီနယ်စပ်မှ တရားဝင်ကုန်စည်များ သယ်ယူရန်အတွက် ကားပေါ်၌ သဲအိတ်၊ခဲအိတ်များ တင်ဆောင်ကာ စစ်ဆေးရေးဂိတ်များအား ဖြတ်ကျော်ရပြီး ငွေကုန်ကျမှုလည်း များပြားသည်ဟုဆိုသည်။
" ခါလီတက်လာ ပြီး တရားမဝင်ကုန်တွေတင်၊ပြည်တွင်းသို့ ပြန်ဆင်းလို့ဆိုပြီး ၊ မြေပြင်ဌာနဆိုင်ရာက အထက်ကို စာတင်လိုက်တာ ကုန်တင်ပြီးမှ မြဝတီ တက်လိုရမယ်လို့ အမိန့်ထုတ်လိုက်တယ်ဆိုပြီး ခုလို ခါလီကားတွေကို ပေးမတက်တော့ အခက်အခဲ ဖြစ် နေရတာပါ "ဟု နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့အတူ မြဝတီနယ်စပ်ကုန်သည် လုပ်ငန်းရှင်တစ်ဦးကလည်း " တကယ့် မြေပြင်အခြေအနေအရ အတွဲကားတွေက တရားမဝင် ကုန်တင်ပြီး တော့လည်း တောလမ်းက ဆင်းလို့ မရပါဘူး ၊
ကုန်တင်ယာဉ်တွဲကားတွေက အာရှလမ်းသစ် ကသာ သွားလာကြတာဖြစ်ပါတယ်"ဟုဆိုသည်။
မြဝတီဒေါနတောင်ကျော်လမ်းများဖြစ်သည့် ကြက်ဥတောင်လမ်း၊ထို့ကော်ကိုးလမ်းနှင့် ၁၀၁၈ လမ်း တို့ မှာ အတက်အဆင်း ကြမ်းကာ အကွေ့ အကောက်များလွန်း သည့် အတွက် ကုန်တင်ယာဉ်တွဲကားများအား သွားလာခွင့် မပြုကြောင်းလည်းသိရသည်။
ယခုအခါ နယ်စပ်ကုန်စည်များအတွက် သွင်းကုန်လိုင်စင် ခွင့်ပြုပြီးဖြစ်သော် လည်း ကုန်သယ်ယူရန်ယာဉ် အခက်အခဲကြောင့် ပြည်တွင်းသို့ရောက်ရှိနေသောကုန်သယ်ယာဉ် ခါလီတွဲ ကားများ မြဝတီသို့မောင်းနှင်ရာတွင် ကျောက်၊သဲ အိတ်များ သယ်ယူလာရသည့်အတွက် အတင် အချ အလုပ်သမားစရိတ်ကုန်ကျကြရသလို့ လမ်းခရီး၌လည်း ဂိတ်ကြေး အဖြစ် ကျပ် ဆယ်သိန်းအထက်ကုန်ကျ ကြရကြောင်း၊ အေးဂျင့်ဆိုသူများဖြင့်သာ ဖြတ်ကျော်ကြရကြောင်း ကုန်သည် လုပ်ငန်းရှင်များက ပြောသည်။