Eleven Media Group

■ System Breakdown ဖြစ်ပြီး မီးပျက်ချိန် လက်သည်းအလှပြင်ဆိုင်တွင် မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်ကာ အမျိုးသမီးငါးဦး သတိလစ်မေ့‌မျောမှု စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွား

ဓာတ်ပုံ- အနာဂတ်အလင်းတန်းပရဟိတအသင်း

System Breakdown ဖြစ်ပြီး မီးပျက်ချိန် လက်သည်းအလှပြင်ဆိုင်တွင် မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်ကာ အမျိုးသမီးငါးဦး သတိလစ်မေ့မျောမှု စမ်းချောင်းမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းက ဖြစ်ပွားကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။

စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ် သံတံတားလမ်းတွင် လက်သည်းအလှပြင်ဆိုင်အခန်းအတွင်း မီးစက်နိုးထားရာမှ အောက်ဆီဂျင်ပြတ်ကာ အသက်ရှူကြပ်မေ့မျောနေသည့် လူနာအမျိုးသမီးငါးဦးအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှလူနာတင်ယာဉ် နှစ်စီးဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ အမြန်ဆုံးပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

"ကျနော်တို့ သတိလစ်မူးဝေနေတဲ့ အမျိုးသမီးငါးဦးကို ဆေးရုံပို့ပေးလိုက်ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး" ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညနေ ၅ နာရီခွဲကျော်မှစတင်ကာ တစ်နိုင်ငံလုံး System Breakdown ဖြစ်ပေါ်၍ လျှပ်စစ်မီးပြတ်တောက်ခဲ့ကာ ည ၈ နာရီကျော်တွင် မြို့နယ်အချို့၌ လျှပ်စစ်မီးပြန်လည်ရရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group