Eleven Media Group

■ နိုင်ဂျီးရီးယားတွင် မက်သနောပါဝင်သော အရက်‌ကိုသောက်မိ၍ ၄၈ ဦး သေဆုံးခဲ့သည်ဟုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်

​နိုင်ဂျီးရီးယားနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း မက်သနော (Methanol) ဓာတုဗေဒဓာတ်ပေါင်း ပါဝင်နေသည့် အရက်‌ရောများကို သောက်သုံးမိသဖြင့် လူ ၄၈ ဦး သေဆုံးပြီး ၁၈၂ ဦး နာမကျန်းဖြစ်ခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ကစက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

​နိုင်ငံအနောက်တောင်ပိုင်း အွန်ဒိုပြည်နယ်ရှိ ခရိုင်သုံးခုတွင် အရပ်ထဲ၌ချက်လုပ်သော အရက်ကို သောက်သုံးပြီးနောက် သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအရက်ကို အရပ်ထဲ၌ "Monkey Tail" ဟု လူသိများသည်ဟုပြည်တွင်းမီဒီယာများက ဖော်ပြသည်။

​ယင်းဖြစ်စဉ်များကို ယခုလအစောပိုင်းတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေ အတွက် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ထိုအရက်များကို ထုတ်လုပ်ဖြန့်ချိမှုနှင့် ပတ်သက်၍ သံသယရှိသူ ၁၅ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟုအာဏာပိုင်များက ပြောကြားသည်။​ဒေသတွင်းချက်လုပ်ထားသော "ဆေးဖက်ဝင် အရက်‌ရောများ" ကို ဝယ်ယူသောက်သုံးခဲ့ပြီးနောက် "၄၈ ဦး သေဆုံးကာ ၁၈၂ ဦး ထိခိုက်ခဲ့ကြောင်း" နိုင်ဂျီးရီးယား အမျိုးသားအစားအသောက်နှင့် ဆေးဝါးကွပ်ကဲအုပ်ချုပ်ရေးဌာန (NAFDAC) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

​ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ သံသယဖြစ်ဖွယ်အရက်နမူနာများတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် "မက်သနော" ဓာတ်ပေါင်း မြင့်မားစွာပါဝင်နေသည့်အပြင် ဆေးခြောက်ဓာတ်များ ပါဝင်နေသည်ကို တွေ့ရှိရသည်ဟု အဆိုပါဌာနက ဆိုသည်။

​မက်သနောသည် ပြင်းထန်အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အစိတ် အပိုင်းများကိုပျက်စီး‌စေကာ သေဆုံးခြင်းနှင့် မျက်စိကွယ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
​ယင်းဖြစ်စဉ်ကြောင့် လူငါးဦး လုံးလုံးမျက်စိကွယ်သွားခဲ့ပြီး နှစ်ဦးမှာအမြင်အာရုံတစ်စိတ်တစ်ပိုင်းချို့ယွင်းသွားခဲ့သည်ဟု NAFDAC က ဆိုသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group