
ရာထူးမှဖြုတ်ချခံခဲ့ရသည့် ဆီးရီးယားသမ္မတဟောင်း သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်လက်ထက်က ဗိုလ်ချုပ်တစ်ဦးကို စက်တင်ဘာ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ဆီးရီးယားအာဏာပိုင်များက ပြောကြားခဲ့သည်။
ယခင်ဆီးရီးယားအစိုးရ၏ စစ်တပ်မှ သမ္မတသက်တော်စောင့်တပ်ဖွဲ့တွင် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ် အာမက် မိုဟာမက် အစ္စမေးလ်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူသည် ၁၃ နှစ်ကြာ ပြည်တွင်းစစ်အတွင်း သူပုန်များ အစောပိုင်းက ထိန်းချုပ်ထားသော နယ်မြေများအား စစ်ဆင်ရေးပြုလုပ်မှုများကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များက ပြောကြားခဲ့သည်။
ယခုလအစောပိုင်းကလည်း အာဆတ်လက်ထက်က မြို့ရွာများတွင် လူအများအပြားသေဆုံးစေခဲ့သည့် ဗုံးကြဲတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဗိုလ်ချုပ်ကြီးသုံးဦး အပါအဝင် လေသူရဲဟောင်း ကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း ဆီးရီးယား အာဏာပိုင်များက ပြောကြားခဲ့သည်။
ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘာရှာ အယ်လ် အာဆတ်၊ ၎င်း၏ညီဖြစ်သူ မဟာ အယ်လ် အာဆတ်နှင့် အခြား လုံခြုံရေးအရာရှိ ငါးဦးတို့ကို ဩဂုတ်လအတွင်း မျက်ကွယ်ပြစ်ဒဏ်အဖြစ် သေဒဏ်များချမှတ်ခဲ့သည်။
အာဆတ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရာထူးမှဖြုတ်ချခံခဲ့ရပြီးနောက် ဆီးရီးယားနိုင်ငံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်ရှိတွင် ရုရှားနိုင်ငံ၌ နေထိုင်လျက်ရှိသည်ဟု ယူဆရသည်။
Ref: AFP